ဆံပင်ကျွတ်လွန်ပြီး တဖြည်းဖြည်းနဲ့ ဆံပင်ပါးလာလို့ စိတ်ညစ်ရတဲ့ခံစားချက်ကို ကြုံဖူးတဲ့သူတွေသာ ကိုယ်ချင်းစာမိမှာပါ။ ဘယ်လောက်ပဲကောင်းပါတယ်ဆိုတဲ့ ခေါင်းလျှော်ရည်တွေသုံးသုံး ပေါင်းဆေးတွေသုံးသုံး အစုံပြောင်းသုံးလို့ ဘာမှထူးမလာလို့ စိတ်ညစ်နေကြသူတွေ ရှိကောင်းရှိနိုင်ပါတယ်။
တကယ်တမ်းတော့ ကိုယ့်အနီးအနားမှာရှိနေတဲ့ သဘာဝပစ္စည်းလေးတွေနဲ့လည်း အခုကြုံတွေ့နေရတဲ့ ဆံပင်ကျွတ်တဲ့ ဆံပင်ပါးတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ပါတယ်။
အခုပြောပြပေးမယ့် သဘာဝပေါင်းဆေးကို ပြုလုပ်ဖို့အတွက် ဒိန်ချဥ်၊ ရှားစောင်းလက်ပတ်ဂျယ်လ်၊ ငှက်ပျောသီး ပါဝင်ပစ္စည်းသုံးမျိုးသာလိုအပ်တာမို့ ဈေးကြီးပေးပြီးလည်း ဝယ်စရာမလိုသလို အလွယ်တကူလည်း ရှာတွေ့နိုင်တာမို့ လူတန်းစားမရွေး ပျိုမေအားလုံးအတွက် သင့်တော်လှပါတယ်။
သဘာဝပေါင်းဆေးကို ပြုလုပ်ဖို့အတွက် ပထမဦးဆုံးအနေနဲ့ ဒိန်ချဥ်၊ ရှားစောင်းလက်ပတ်ဂျယ်လ်၊ ငှက်ပျောသီးတစ်လုံးတို့ကို အဆင်သင့်ပြင်ထားပါ။ ပါဝင်ပစ္စည်းသုံးမျိုးကို သေချာနှံ့အောင်ရောစပ်ဖို့လိုတာမို့ ကြိတ်စက်လေးတစ်လုံးလည်း လိုပါသေးတယ်။
ဒိန်ချဥ်တစ်ခွက်၊ ရှားစောင်းလက်ပတ်ဂျယ်လ်အနည်းငယ်၊ ငှက်ပျောသီးတစ်လုံးတို့ကို ကြိတ်စက်ထဲထည့်ပြီးတော့ ပျစ်ပျစ်နှစ်နှစ်ရတဲ့အထိ ကြိတ်ပေးပါ။ အနှစ်ရပြီဆိုရင် ပန်းကန်လုံးထဲပြောင်းထည့်ပြီးတော့ လက်နဲ့ကော်ယူကာ ဦးရေပြားနဲ့ ဆံပင်အနှံ့လိမ်းပေးပါ။
၁၅ မိနစ်လောက် ပေါင်းတင်ပြီးပြီဆိုတာနဲ့ ပုံမှန်အတိုင်းပဲ ခေါင်းလျှော်လိုက်ပါ။ ဒီနည်းလမ်းလေးကို မှန်မှန်လုပ်ဆောင်ပေးမယ်ဆိုပါက ရက်အနည်းငယ်အတွင်းမှာ သိသာတဲ့ရလဒ်တွေကို မြင်တွေ့နိုင်ပါလိမ့်မယ်။
ပျိုမေတို့ကို တစ်ခုမှာချင်တာကတော့ အစားအသောက်၊ အနေအထိုင်တို့လည်း ဂရုစိုက်ပေးဖို့လည်း လိုပါတယ်နော်။ ဆံကေသာအတွက် အထောက်အကူဖြစ်စေမယ့် အစားအစာတွေကို များများစားပြီး ဆံပင်ကိုတင်းနေအောင်စည်းတာမျိုး၊ ခဏခဏလက်နဲ့ကိုင်မိတာမျိုးတို့ကို အထူးရှောင်ရှားပေးပါ။