လူအများစုဟာ မပျော်ရွှင်ခြင်းနဲ့ အသားကျနေတယ်လို့ ဆိုပါတယ်။ ချီကာဂို တက္ကသိုလ်မှာ ရှိတဲ့ အမျိုးသား အတွေးအမြင်သုတေသနစင်တာ NORC ရဲ့ သုတေသနတစ်ခုအရ အရွယ်ရောက် အမေရိကန်တွေရဲ့ ၁၄% ပဲ ပျော်ရွှင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ ၁၉၇၂ ခုနှစ် စစ်တမ်းနောက်ပိုင်းမှာ ပျော်ရွှင်မှုအတိုင်းအတာ အနိမ့်ဆုံး ရောက်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘာကြောင့် မပျော်ရွှင်နိုင်ကြတာလဲ။ တစ်ခါတစ်လေမှာ မပျော်မရွှင် ဖြစ်ခြင်းဟာ ငွေကြေးအခက်အခဲနဲ့ အလုပ်အကိုင် အဆင်မပြေတာကြောင့်ချည်း သက်သက်တော့ မဟုတ်ပါဘူး။ ဒီလို အကြောင်းရင်းတွေကြောင့်လည်း မပျော်နိုင် ဖြစ်လေ့ ရှိကြပါတယ်။

(၁) ကိုယ်တကယ်လုပ်ချင်တဲ့ အရာတွေ မလုပ်ရလို့

ငယ်တုန်းရွယ်တုန်း ၊ ဘဝကို အားနဲ့ မာန်နဲ့ ဖြတ်သန်းကျော်လွှားနိုင်တုန်းမှာ ကိုယ်လုပ်ချင်ခဲ့တဲ့ စွန့်စားမှုတွေ မလုပ်ဖြစ်ခဲ့ဘူးဆိုရင် သင့်လက်ကျန်ဘဝတာမှာ မပျော်မရွှင် ဖြစ်ဖို့ အခွင့်အလမ်း ပိုများပါလိမ့်မယ်။

(၂) တစ်ခြားသူတွေနဲ့ ပြိုင်ဆိုင်နေရလို့

ပုခုံးချင်းယှဉ်ရတဲ့ ပြေးတမ်းလိုက်တမ်း ကစားပွဲမှာ မမောကြသေးဘူးလား။ ဘယ်သူ့ထက် ဘယ်လောက် သာရမယ်ဆိုတဲ့ ပြိုင်ဆိုင်လိုစိတ်ဟာ အတိုင်းအတာတစ်ခုအထိ ကောင်းပါတယ်။ စိတ်လက်ပျော်ရွှင်ဖို့အတွက်ဆိုရင် တစ်ချို့အရာတွေ လွှတ်ချထားဖို့ လိုမှာပါ။

(၃) ကိုယ့်ကိုယ်ကိုယ် မချစ်လို့

ကိုယ့်စိတ်နဲ့ ကိုယ်ကို ဂရုမစိုက်ဘဲ ပစ်ထားတာဟာ ကိုယ့်ကိုယ်ကိုယ် မချစ်တာကြောင့်လို့ပဲ ပြောချင်ပါတယ်။ ကျန်းမာရေး ထိခိုက်စေမယ့် အလုပ်တွေ လုပ်နေတယ် ၊ အဆင်အခြင်မရှိနေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် မချစ်ဘူးလို့ပဲ ပြောရမှာပါ။ အကျိုးဆက်ကတော့ ကိုယ်မလိုချင်တဲ့ ပုံစံကို တစ်ချိန်ချိန် ကိုယ့်ဆီမှာ မြင်လာရပါလိမ့်မယ်။

(၄) အတိတ်ကနေ မခွာနိုင်လို့

အတိတ်ဆိုတာ ခက်ခဲနာကျင်စရာ အတွေ့အကြုံတွေပဲ များပါတယ်။ ပျော်စရာမကောင်းတဲ့ အတိတ်အကြောင်း ပြန်ပြောင်းတွေးတောနေတာဟာ ကိုယ့်ရဲ့ လက်ရှိရထားတဲ့ ပျော်စရာအခိုက်အတန့်တွေကို ဖျက်ဆီးနေတာပဲ ဖြစ်ပါတယ်။

(၅) ပျော်စရာကောင်းသူတွေနဲ့ မပေါင်းလို့

ကိုယ်ပေါင်းတဲ့ လူတွေရဲ့ စရိုက်နဲ့ အလေ့အထတွေကလည်း ကိုယ့်အပေါ် လွှမ်းမိုးမှု ရှိပါတယ်။ ပျော်ပျော်နေတတ်ပြီး ဟာသဉာဏ်ရွှင်မြူးသူတွေအကြား နေသူဟာ အနည်းဆုံးတော့ ခဏခဏ ပြုံးနေမိပါလိမ့်မယ်။

Photo : Shutterstock