လူတိုင်းကတော့ ပျော်ချင်ကြတာချည်းပါပဲ။ ဒီလိုပျော်နိုင်ဖို့ဆိုတာလည်း ကိုယ်နဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ရှာဖွေပြီး ကိုယ်တိုင်လုပ်ယူရမှာပဲ့ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ပျော်ရွှင်မှုအတွက် ကိုယ်ကိုယ်တိုင် ဘယ်လိုအရာလေးတွေကို ကြိုးစားလုပ်ဆောင်ရမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်နော်။
စိုးရိမ်ပူပန်တာတွေကိုလျော့ပါ
မဖြစ်သေးတာတွေကို ကြိုတွေးပြီး စိုးရိမ်ပူပန်နေတာမျိုး မဖြစ်ပါစေနဲ့။ တစ်ခုခုဆိုရင် စိုးရိမ်စိတ်လွန်ကဲတာ၊ အမြဲပူပန်နေတာမျိုးတွေက စိတ်ရော၊ လူရော ညစ်နွမ်းစေပါတယ်။ အများကြီးမတွေးပါနဲ့။ အများကြီးလျှောက်တွေးရင် အများကြီးစိတ်ညစ်ရပါတယ်။
တခြားသူရဲ့အမြင်ကိုဂရုမစိုက်ပါနဲ့
တခြားသူရဲ့အမြင်တွေကို လိုက်ဂရုစိုက်ပြီး ကြောက်နေရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေပါ လျော့နည်းလာပါလိမ့်မယ်။ အခြားသူရဲ့ အပြောတွေ၊ ဝေဖန်မှုတွေကိုလည်း စိတ်ထဲထည့်ပြီး ဂရုစိုက်မနေပါနဲ့။ ကိုယ့်ပျော်ရွှင်မှုပဲကိုပဲ အလေးထားပါ။
စိတ်ပျော်အောင်နေပါ
ဘာတွေပဲဖြစ်နေပါစေ စိတ်ကို ကြည်ကြည်လင်လင်ထားပြီး အတတ်နိုင်ဆုံး ပျော်အောင်နေပါ။ ပျော်စရာတွေကိုပဲ ရှာဖွေပါ။ များများရယ်ပါ။
ကိုယ်လုပ်ချင်တာကိုလုပ်ပါ
လူတိုင်းက ကိုယ်လုပ်ချင်တာကိုလုပ်နေရရင် ပျော်နေတာပါပဲ။ ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်ပြီးနေရရင် ပျော်စရာကောင်းပါတယ်။ ဒါကြောင့် ကိုယ်ဖြစ်ချင်တာ ဖြစ်လာဖို့အတွက် ကြိုးစားရပါမယ်။
ခရီးထွက်ပါ
ခရီးခဏခဏထွက်ပေးခြင်းက စိတ်ရောလူပါ လန်းဆန်းစေပါတယ်။ ဒါ့အပြင် အတွေ့အကြုံအသစ်၊ စိတ်ခံစားမှုအသစ်နဲ့ ဗဟုသုတတွေကိုလည်း ရရှိစေပါတယ်။ ဒါကြောင့် ခရီးများများထွက်နိုင်အောင် ကြိုးစားပါ။
ကိုယ့်ချစ်တဲ့သူတွေနဲ့နေပါ
ကိုယ့်ကိုမုန်းတဲ့သူ၊ မလိုတဲ့သူတွေနားမှာနေပြီး စိတ်ဆင်းရဲခံနေမယ့်အစား ကိုယ့်ကိုချစ်တဲ့သူ၊ စိတ်ချမ်းသာအောင် ထားတဲ့သူတွေ၊ ကိုယ်ချစ်ရတဲ့သူတွေနဲ့ အတူနေပြီး ဘဝကိုပျော်ရွှင်စွာဖြတ်သန်းပါ။