နေရောင်ခြည်ဒဏ်ကြောင့် မျက်နှာအသားအရေ ညိုညစ်ညစ်ဖြစ်လာတာကို သက်သာအောင်လုပ်ပေးမယ့် ရိုးရှင်းသော သဘာဝနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ နေပူထဲထွက်တာများလို့ နေလောင်လာရင်၊ ကမ်းခြေသွားပြီး မျက်နှာမဲလာတာ၊ ညိုညစ်လာတာမျိုး ဖြစ်နေရင် ဒီနည်းလမ်းတွေက အရမ်းအသုံးဝင်စေပါတယ်။

သံပယိုရည်နဲ့ပျားရည်

ပျားရည်တစ်ဇွန်းကို ပန်းကန်ထဲထည့်ပြီး သံပယိုရည် နည်းနည်းညှစ်ချပါ။ ပြီးရင် ရောမွှေပြီး မျက်နှာအနှံ့ မျက်လုံးတစ်ဝိုက်နား၊ ပါးစပ်နားတစ်ဝိုက်ကို ရှောင်ပြီး လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီးရင်တော့ မျက်နှာသစ်ပြီး ကိုယ်လိမ်းနေကျ skincare တွေ ပြန်လိမ်းပေးပါ။

ဒီနည်းလမ်းကတော့ မျက်နှာအသားအရေ ညိုညစ်နေတာ၊ နေရောင်ခြည်ဒဏ်ကြောင့် မဲလာတာတွေကို သက်သာစေပြီး အသားအရောင် ပြန်ညီလာစေပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးနဲ့ မျက်နှာကို ပွတ်ပေးတာပဲဖြစ်ဖြစ်၊ ခရမ်းချဉ်သီးကို ကြိတ်ချေပြီး ရလာတာကိုမှ မျက်နှာအနှံ့လိမ်းပြီး ပေါင်းတင်ပေးတာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။

ဒီလိုလုပ်ပေးခြင်းက နေရောင်ခြည်ဒဏ်ကြောင့် အသားအရေညိုညစ်လာတာ၊ ပျက်စီးလာတာတွေကို သက်သာစေပါတယ်။ ၅ ရက် တစ်ခါလောက် ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ မျက်နှာအသားအရောင် ပြန်ညီလာမှာပါ။

သင်္ဘောသီး

သင်္ဘောသီးအမှည့်ကို ကျေညက်အောင်ချေပြီး မျက်နှာမှာလိမ်းကာ ၁၅ မိနစ်လောက်ထားပါ။ အချိန်ပြည့်ရင် မျက်နှာသစ်လိုက်ရုံပါပဲ။

ဒီနည်းလမ်းကလည်း နေရောင်ခြည်ဒဏ်ကြောင့် အသားအရေ ညိုညစ်ပြီး မွဲခြောက်ခြောက်ဖြစ်လာတာတွေကို သက်သာစေကာ အသားအရောင် ပြန်ညီလာစေပါတယ်။ ချွေးပေါက်ပိတ်နေတာတွေလည်း ပွင့်သွားစေပါတယ်။

ဒိန်ချဉ်နဲ့ပဲမှုန့်

ဒိန်ချဉ်နဲ့ပဲမှုန့်ကို ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပြီး မျက်နှာမှာလိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီးရင် မျက်နှာသစ်လိုက်ရုံပါပဲ။

ဒီနည်းလမ်းကတော့ နေရောင်ခြည်ဒဏ်ကြောင့် မျက်နှာအသားအရေ ညိုမဲလာတာ၊ အသားအရေညစ်လာတာတွေကို သက်သာစေပြီး အသားပြန်ဖြူလာစေပါတယ်။ အသားအရေကို mild exfoliate လုပ်ပေးတဲ့အတွက် အသားအရေကြည်လင်စေပါတယ်။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်တော့ တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပေးနိုင်ပါတယ်။