ပုံမှန်လေ့ကျင့်ခန်းတွေက အသက်အရွယ်မရွေး ပြုလုပ်ပေးသင့်တဲ့အရာဖြစ်သလို ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့ အတွက်သာမက ကောင်းကောင်းအိပ်ပျော်စေဖို့အတွက်ပါ ကူညီပေးနိုင်ပါတယ်နော်။ ဒါကြောင့် အသက်အရွယ်ရလာပြီဖြစ်တဲ့ သင့်မိဘတွေမှာ ညဘက်အိပ်ပျော်ဖို့ခက်တဲ့ ပြဿနာမျိုးရှိလာခဲ့ရင် သင့်အနေနဲ့ လွယ်ကူတဲ့လေ့ကျင့်ခန်းလေးတွေလုပ်ဖို့ အကြံပေးသင့်ပါတယ်။

ဒီတစ်ခေါက်မှာ အသက်ကြီးလာသူတွေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ ကူညီပေးနိုင်မယ့် ပေါ့ပေါ့ပါးပါးနဲ့ လုပ်ရလွယ်တဲ့ ရိုးရိုးရှင်းရှင်း လေ့ကျင့်ခန်းလေးတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ချစ်ရတဲ့မိဘတွေ အိပ်ရေး၀၀အိပ်ပျော်စေဖို့ သင့်အနေနဲ့ ဖော်ပြထားတဲ့ လေ့ကျင့်ခန်းတွေအကြောင်းကိုပြောပြပြီး ပုံမှန်လုပ်ဖြစ်အောင် တိုက်တွန်းကြည့်ဖို့ မမေ့ပါနဲ့နော်။

၁။ လမ်းလျှောက်လေ့ကျင့်ခန်း


လမ်းလျှောက်ခြင်းက နေရာမရွေး၊ အချိန်မရွေးလုပ်နိုင်တဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်သလို ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ အသက်ကြီးလာသူတွေကို တစ်နေ့နည်းနည်း ပုံမှန်လမ်းထွက်လျှောက်ဖို့ အကြံပြုပေးပါ။ စိတ်ပျော်ရွှင်လန်းဆန်းစေတဲ့ Endorphin ဟော်မုန်း တက်စေတာကြောင့် အာရုံကြောအတွင်းသွေးလည်ပတ်မှုကောင်းပြီး ကောင်းကောင်းအိပ်ပျော်စေဖို့ပါ ကူညီပေးပါလိမ့်မယ်။

၂။ အလေးတုံး ခပ်ပေါ့ပေါ့ မ ပေးခြင်း


အားသုံးရတဲ့ အလေးမ လေ့ကျင့်ခန်းတွေက ကြွက်သားသန်မာစေရုံမက အကြောပြေလျော့ပြီး အိပ်ပျော်စေဖို့အတွက်ပါ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် အလေးတုံး ပေါ့ပေါ့လေးတွေနဲ့ ကြွက်သားလေ့ကျင့်ခန်းအနည်းငယ်ပြုလုပ်ပေးသင့်ပြီး အလေးမ မ နိုင်သူတွေအနေနဲ့ကတော့ အိမ်မှာရှိတဲ့ စာအုပ်၊ ရေဘူးစတာတွေ ကိုင်ပြီး ပြုလုပ်ကြည့်ဖို့ အကြံပေးနိုင်ပါတယ်။

၃။ Yoga လေ့ကျင့်ခန်း


အိပ်ရာဝင်ခါနီး ငါးမိနစ်ခန့် Yoga လေ့ကျင့်ခန်းပြုလုပ်ပေးတာက စိတ်ကြည်လင်ပြီး Stress ပြေစေတဲ့အပြင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့အတွက်ပါ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်တွင်းသွေးလည်ပတ်မှုလည်း ကောင်းစေတာကြောင့် ပုံမှန်လုပ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ဟန်ချက်ညီကာ တစ်ကိုယ်လုံးပေါ့ပါးလာတာကို ခံစားရပါလိမ့်မယ်။

၄။ မျက်လုံးလေ့ကျင့်ခန်း

Photo Source: shutterstock

အိပ်ပျော်ဖို့အတွက် အိပ်ရာဝင်ချိန်နဲ့ အနည်းဆုံးနှစ်နာရီလောက်ခြားပြီး စက်ပစ္စည်း အလင်းရောင်တွေနဲ့ ထိတွေ့ခြင်းကိုရပ်ကာ မျက်စိကို အနားနေပေးလိုက်ဖို့ အရေးကြီးပါတယ်။ ပြီးနောက် မျက်စိမမှိတ်ခင်မှာ မျက်တောင်ခပ်သွက်သွက်ခက်တာ၊ မျက်လုံးကို စက်ဝိုင်းပုံ လှည့်ပေးတာစတဲ့ ရိုးရိုးရှင်းရှင်း မျက်စိလေ့ကျင့်ခန်းလေးတွေ ပြုလုပ်ပေးတာကလည်း အမြန်ဆုံးအိပ်ပျော်ဖို့ကူညီပေးမှာပါ။

၅။ အသက်ရှုလေ့ကျင့်ခန်း


အသက်ရှုလေ့ကျင့်ခန်းကလည်း စိတ်တည်ငြိမ်စေပြီး အိပ်မရတဲ့ပြဿနာကို သက်သာလာစေမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ညတိုင်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ ငါးမိနစ်လောက် အသက်ရှုခြင်းကို အာရုံစိုက်ပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာ၊ တရားထိုင်တာတွေပြုလုပ်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyleMyanmar