အခုမှ လေ့ကျင့်ခန်း စလုပ်မယ့် Beginner သမားများအတွက် မိမိအိမ်မှာပဲ အလွယ်တကူပြုလုပ်နိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်းများနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ကိုယ်က အလုပ်များလွန်းတဲ့ လူတစ်ယောက်ဖြစ်နေပြီး အခုမှ စဆော့မယ့် Beginner တစ်ယောက်လည်းဖြစ်တယ်ဆိုရင် တစ်ရက်လျှင် ၇ မိနစ်မှ ၁၂ မိနစ်ခန့် အချိန်ပေးရုံဖြင့် လေ့ကျင့်ခန်း များ ပြုလုပ်နိုင်ပါတယ်။ အခုဖော်ပြမယ့် လေ့ကျင့်ခန်းများသည်လည်း တစ်ရက်လျှင် မိနစ်အနည်းငယ်ဖြင့် အချိန်ပေးကာ ဆော့ကစားနိုင်မှာပဲဖြစ်ပါတယ်။ တစ်ပတ်လျှင် ၃ ရက်ခန့် ဆော့ကစားပေးရမှာဖြစ်ပါတယ်။

ပထမရက်အတွက် လေ့ကျင့်ခန်းများ

လေ့ကျင့်ခန်း (၁)

ခြေထောက်နှစ်ဖက်ကို အနည်းငယ်ချဲထားကာ လက်နှစ်ဖက်ကို ခန္ဓာကိုယ် ဘေးတစ်ဖက်တစ်ချက်စီတွင် ကပ်ထားပါ။ ခြေထောက်နှစ်ဖက်ကို ဘေးသို့ ကားထုတ်ကာ လက်နှစ်ဖက်ကိုလည်း အပေါ်သို့ မြှောက်လိုက်ပါ။ တစ်ပြိုင်တည်း ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒီလေကျင့်ခန်းကို စက္ကန့် ၃၀ ခန့် ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်ထက် ပိုကျယ်အောင် ချဲထားလိုက်ပါ။ လက်နှစ်ဖက်က ဦးခေါင်းနောက်နားတွင် ထားထားလိုက်ပါ။ တင်ပါးကို နောက်ပစ်ကာ Squat ထိုင်လိုက်ပါ။ မတ်တပ်ပြန်ရပ်ကာ ညာဒူးနဲ့ ဘယ်တံတောင်ကို ထိကပ်ပေးလိုက်ပါ။

ထိုနည်းအတိုင်း စက္ကန့် ၃၀ ပြုလုပ်ပေးလိုက်ပါ။ စက္ကန့် ၃၀ ပြည့်တဲ့အခါ ထိုကဲ့သို့ပဲ Squat ပြန်ထိုင်ပြီး ဒီတစ်ခါမှာတော့ ဘယ်ဒူးနဲ့ ညာတံတောင်ကို ထိကပ်ပေးရမှာဖြစ်ပါတယ်။ စုစုပေါင်း စက္ကန့် ၃၀ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၃)

လက်နှစ်ဖက်ကို တံတောင်အောက်တွင် ဆန့်တန်းထားပြီးနောက် ဒိုက်ထိုးမယ့် အနေအထားအတိုင်း ခန္ဓာကိုယ်ကို အသင့်ပြင်ထားပါ။ ညာလက်နှင့် ဘယ်ခြေကို တစ်ချိန်တည်းမှာပဲ အပေါ်သို့ မြှောက်လိုက်ပါ။ ထို့နောက် ပြန်ချပါ။ ဘယ်လက်နှင့် ညာခြေကို တစ်ချိန်တည်းမှာပဲ အပေါ်သို့ မြှောက်လိုက်ပါ။ ထို့နောက် ပြန်ချပါ။

ဘယ် ညာတစ်လှည့်စီ ပြုလုပ်ရမှာဖြစ်ပြီး စုစုပေါင်း စက္ကန့် ၃၀ ပြုလုပ်ပေးလိုက်ပါ။ လေ့ကျင့်ခန်း (၁) ကနေ (၃) အထိ ပြီးသွားတဲ့အခါ ၁ မိနစ်နားပါ။ ထို့နောက် နောက်ထပ် ၃ ကျော့ ဆက်လက်ကစားပေးရပါမယ်။

ဒုတိယရက်မှာတော့ လေ့ကျင့်ခန်းမလုပ်ဘဲ အနားယူလိုက်ပါ။ တတိယရက်မှာတော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ဆက်လက်ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၁)

ဒူးနှစ်ဖက်ကို ပုံပါအတိုင်း ကြမ်းပြင်ပေါ်မှာ ထောက်ထားကာ ဒိုက်ထိုးရမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။ စက္ကန့် ၃၀ ပြည့်အောင် ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၂)

ပုံပါအတိုင်း ဒူးခေါင်းကို အရှေ့သို့ ရွေ့လိုက် မတ်တပ်ပြန်ရပ်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးလိုက်ပါ။ စက္ကန့် ၃၀ ပြည့်အောင် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၃)

ဒီလေ့ကျင့်ခန်းကတော့ Mountain Climbers လေ့ကျင့်ခန်းကိုမှ ခန္ဓာကိုယ်ကို ဟိုဘက်ဒီဘက် လိမ်ကာ ပြုလုပ်ရမှာဖြစ်ပါတယ်။ စက္ကန့် ၃၀ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၁) ကနေ (၃) အထိ ပြီးသွားတဲ့အခါ ၁ မိနစ်နားပါ။ ထို့နောက် နောက်ထပ် ၃ ကျော့ ဆက်လက်ကစားပေးရပါမယ်။