ကြွက်နို့ထွက်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ရပ်ဖြစ်ပြီးတော့ သူ့အရွယ်အစားသေးသေးလေးဆိုပြီး ပေါ့တီးပေါ့ဆမနေလိုက်ပါနဲ့။ တစ်ယောက်ဆီကနေပြီး နောက်တစ်ယောက်ဆီ ကူးစက်တာ အင်မတန်လွယ်ကူလွန်းလို့ ကြွက်နို့မပေါက်ခင်ကတည်းက ကြိုတင်ကာကွယ်ထားမယ်ဆိုရင် ကိုယ့်အသားအရေကို ကျန်းမာနုပျိုပြီး ကြည်လင်လှပနေအောင် ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။

ဒါဆိုရင် ကိုယ့်ခန္ဓာကိုယ်မှာ အကျည်းတန်တဲ့ ကြွက်နို့တွေမပေါက်လာအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်ရမလဲဆိုတာကို MyStyle Myanmar ရဲ့ စာဖတ်ပရိတ်သတ်တို့အတွက် ဝေမျှပေးသွားပါမယ်။

၁။ သူများရဲ့တဘက်ကို ယူမသုံးပါနဲ့

ကိုယ့်မိသားစုဝင်တွေနဲ့ တဘက်တစ်ခါတစ်လေ မျှသုံးတာက ကိစ္စမရှိလောက်ဘူးလို့ ထင်ကောင်းထင်နိုင်ပေမယ့် အသားအရေပေါ်မှာ ကြွက်နို့တွေထွက်လာနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ မိသားစုထဲက တစ်ယောက်ယောက်မှာ ကြွက်နို့ပေါက်နေတယ်ဆိုရင် သူသုံးတဲ့တဘက်ကို ကိုယ်ယူသုံးမိတာနဲ့ ကိုယ့်ဆီကိုပါ ကူးလာနိုင်လို့ သူ့တဘက် ကိုယ့်တဘက်ခွဲထားဖို့လိုပါတယ်။

၂။ အသားအရေအစိုဓာတ်ထိန်းသိမ်းပါ

အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးခြင်းကလည်း ငယ်ရွယ်နုပျိုနေဖို့နဲ့ အချိန်ကြာကြာ အရေးကြောင်းတွေ ကင်းရှင်းနေစေဖို့တို့အတွက် အင်မတန်အသုံးဝင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် မှန်ကန်သင့်တော်တဲ့ moisturizer ကို မှန်မှန်အသုံးပြုခြင်းအားဖြင့်လည်း ကြွက်နို့တွေရန်ကနေ ကင်းဝေးစေမှာပါ။

၃။ လက်သည်းကိုက်တတ်တဲ့အကျင့်ဖျောက်ပါ

လက်သည်းကိုက်တတ်တဲ့အကျင့်က လူတိုင်းဖျောက်ရခက်ခဲတတ်တဲ့ အကျင့်ဆိုးတစ်ခုဖြစ်ပါတယ်။ ကိုယ့်သွားကျန်းမာရေးကို ဂရုမစိုက်ရင်တောင် ကိုယ့်အသားအရေရဲ့အလှအပကို ထိန်းသိမ်းချင်တဲ့စိတ်နဲ့ လက်သည်းကိုက်တဲ့အကျင့်ကို ဖျောက်နိုင်အောင်ဖျောက်ပါ။ လက်သည်းကိုက်ခြင်းက အသားအရေမှာ အက်ကွဲရာသေးသေးလေးတွေဖြစ်လာစေနိုင်ပြီး မျက်စိနဲ့သေချာမမြင်ရရင်တောင် ဗိုင်းရပ်စ်တွေဝင်သွားရာကနေ ကြွက်နို့တွေဖြစ်လာနိုင်ပါတယ်။

၄။ ပွန်းပဲ့ရှနာ ဒဏ်ရာတွေရှိရင် ဖုံးအုပ်ထားပါ

မတော်တဆ ထိမိခိုက်မိ ပွန်းပဲ့တာမျိုးဖြစ်ခဲ့တယ်ဆိုရင် သေချာရေနဲ့သန့်စင်ပြီး ပလာစတာကပ်ပေးခြင်းက အနာမြန်မြန်ကျက်စေသလို ကြွက်နို့တွေပေါက်မလာစေအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အခန့်မသင့်လို့ မသန့်ရှင်းတာတွေကိုင်မိပြီး အနာထဲပိုးဝင်တာတွေလည်း မဖြစ်တော့ဘူးပေါ့။

၅။ Shaving လုပ်တဲ့အခါ ကြွက်နို့ကို ရှောင်ပါ

Shaving လုပ်ခြင်းက အမွှေးရှင်းလင်းသုတ်သင်ရာမှာ မြန်ဆန်ပေမယ့်လည်း ကြွက်နို့ပေါက်နေတယ်ဆိုရင်တော့ တခြားနည်းလမ်းကိုသုံးတာ ပိုကောင်းပါတယ်။ ကြွက်နို့ပေါ်ကနေပြီး Shaving လုပ်ပြီးမှ တခြားနေရာတွေကို ပြောင်းမယ်ဆိုရင်တော့ ကြွက်နို့တွေပွားလာနိုင်ပါတယ်။