လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ညှိမရဘူးဆိုတဲ့ သူတွေရှိလား။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ အားကစားရုံသွားနိုင်မှ မဟုတ်ပါဘူး။ အိမ်မှာပဲ လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်းတွေကို နေ့တိုင်း ပြုလုပ်ပေးလို့ ရပါတယ်။

ဒီတစ်ခါမှာတော့ ခန္ဓာကိုယ်တစ်လုံးက ကြွက်သားတွေကို ထိရောက်မှုရှိစေမယ့် လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်းတွေ ကို မျှဝေပေးချင်ပါတယ်။

(၁) Jumping Jacks

Jumping Jacks ကတော့ ကွီးတို့ အားလုံးနဲ့ ရင်းနှီးပြီးသား လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို မတ်မတ်ရပ်ပြီး ခြေထောက်နဲ့ လက်နှစ်ဖက်ကို ဘေးသို့ဆန့်ထုတ်ကာ ခုန်ရတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။

(၂) Wall Sit

ဒီလေ့ကျင့်ခန်းကတော့ ဝမ်းဗိုက်ကြွက်သားတွေနဲ့ ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး ကြွက်သားအုပ်စုအချို့ကို ထိရောက်မှုရှိစေတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ထိုင်ခုံမှာ ထိုင်တဲ့ပုံစံအတိုင်းပုံစံယူပြီး ကျောကို နံရံနဲ့ ဖြောင့်ဖြောင့်မတ်မတ် ကပ်ထားပါ။ ဒီပုံစံအတိုင်း ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းထားရမှာ ဖြစ်ပါတယ်။

(၃) Push-Ups

လက်မောင်း ၊ ပခုံး ၊ နောက်ကျောနဲ့ ဝမ်းဗိုက် ကြွက်သားတွေကို သန်မာစေမယ့် အထိရောက်ဆုံး လေ့ကျင့်ခန်း ကတော့ ဒိုက်ထိုးလေ့ကျင့်ခန်း ဖြစ်ပါတယ်။ ပခုံးအကျယ်အတိုင်း လက်နှစ်ဖက်ကို ချဲ့ကားပြီး ပုံစံယူပါ။ ခန္ဓာကိုယ် ကို ကုန်းနေ ၊ ကွနေတာမျိုး မဖြစ်စေပဲ ဖြောင့်ဖြောင့် မတ်မတ် အနေအထားမှာ ရှိပါစေ။ ပြီးရင်တော့ တံတောင်ဆစ်နေရာကနေ ဖြည်းဖြည်းချင်းကွေးချကာ ဒိုက်ထိုးပေးရမှာ ဖြစ်ပါတယ်။

(၄) Squats

Squats ထိုင်ခြင်းဟာ ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အမျိုးအစားတွေထဲမှာ လွယ်ကူရိုးရှင်းပြီး ထိရောက်မှုရှိတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ အရင်ဆုံး ခန္ဓာကိုယ်ကို မတ်မတ်အနေအထား ပုံစံယူပါ။ ထို့နောက် လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်ပြီး ဒူးနေရာကနေပဲ ဖြည်းဖြည်းချင်းကွေးကာ ထိုင်ချပါ။

ထို့နောက် မူလပုံစံအတိုင်း ပြန်လုပ်ပေးပါ။ အထိုင်အထိ လုပ်ချိန်မှာ အသက်ကို ခပ်ပြင်းပြင်း ရှုသွင်းရှုထုတ် ပြုလုပ်ပေးရပါမယ်။