မျက်မှန်တပ်ထားရင် မိတ်ကပ်ကို အရမ်းပြင်ထားတာမျိုး၊ တောက်တောက်ကြီးတွေ ပြင်ဆင်ခြယ်သထားတာမျိုးနဲ့ မလိုက်ဖက်ပါဘူး။ ရိုးရှင်းတဲ့ look လေးတွေနဲ့ ပိုပြီးလိုက်ဖက်တာပါ။ ဒါကြောင့် မျက်မှန်နဲ့ကောင်မလေးတွေအတွက် ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ မိတ်ကပ်ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး အောက်ခံမိတ်ကပ် foundation လိမ်းတဲ့အခါမှာ အရမ်းထူထူကြီးမလိမ်းပါနဲ့။ ပါးပါးလေးနဲ့ မိတ်ကပ်သားညီအောင် sponge နဲ့ လိမ်းပါ။

မျက်မှန်တပ်ထားပြီး မျက်ကွင်းညိုနေရင် သိပ်မလှပါဘူး။ ဒါကြောင့် မျက်ကွင်းညိုတာတွေဖုံးဖို့ concealer သုံးပါမယ်။

မျက်မှန်တပ်ရင် နှာတံလေးပေါ်နေရင် ပိုလှပါတယ်။ ဒါကြောင့် နှာတံဖော်ပါမယ်။

မိတ်ကပ်သားမရွေ့အောင် setting powder (သို့) powder pact လိမ်းပေးပါ။

မျက်ခုံးမွှေးဆွဲဖို့အတွက် အညိုဘက်သွားတဲ့အရောင်ကို ရွေးပါမယ်။ အရမ်းထင်းနေအောင်မဆွဲပဲ ကိုယ့်မျက်ခုံးအရာအတိုင်း လိုက်ဖြည့်ဆွဲပြီး brush နဲ့ ခြစ်ပေးပါ။

ပါးနီကို peach ဘက်သွားတဲ့အရောင်လေး ရွေးချယ်ပါမယ်။ ပါးနီကို အပြည့် အများကြီးခြယ်တာမျိုးမဟုတ်ပဲ မျက်ကွင်းအောက်နားလေးမှာ ခြယ်ပေးပါ။ နားထင်နားအထိ ယူပြီးမခြယ်ပါနဲ့။

မျက်မှန်တပ်ရင် eyeshadow ခြယ်စရာမလိုပါဘူး။ ခြယ်ချင်တယ်ဆိုရင်လည်း glitter eyeshadow ကို နည်းနည်းလေးပဲ ခြယ်ပေးပါ။ မျက်ရစ်နားပဲခြယ်ပါ။ အပေါ်ထိတက်ပြီး အများကြီး မခြယ်လိုက်ပါနဲ့။

အဓိကက မျက်တောင်ပါပဲ။ မျက်တောင်လေးတွေ ကော့ပြီးလှနေဖို့ လိုပါတယ်။ ဒါကြောင့် mascara နဲ့ အပေါ်မျက်တောင်ရော၊ အောက်မျက်တောင်ပါ ကော့ပေးပါ။

နှုတ်ခမ်းနီကတော့ ကိုယ်ကြိုက်တဲ့အရောင် ဆိုးလို့ရပါတယ်။ ဒီမှာတော့ ပါးနီအရောင်လေးနဲ့လိုက်အောင် peach ဘက်သွားတဲ့အရောင်လေးကို ရွေးထားပါတယ်။

ဒါဆိုရင်တော့ မျက်မှန်နဲ့ကောင်မလေးတွေအတွက် ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ မိတ်ကပ် look လေးကို ရရှိသွားပါပြီ။