ချစ်သူစုံတွဲတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်းတွေ့ချင်မြင်ချင်နေကြတဲ့သူတွေချည်းပါပဲ။ ဒါပေမဲ့ တစ်ခါဒိတ်ဖို့အရေး ကုန်ကျစရိတ်ကို ထည့်သွင်းစဉ်းစားရတာလည်း အလုပ်တစ်ခုလိုဖြစ်နေပါတယ်။ ကိုယ့်ချစ်သူလေး စိတ်ချမ်းသာဖို့အရေး သူမ ဖြစ်ချင်တာကိုလည်း အကုန်လိုက်လျော ပေးရပါသေးတယ်။ ကိုယ့်မှာ ရေလျှံနေချိန်တော့ ပြဿနာမရှိပေမယ့် ပြတ်တုန်းလပ်တုန်း ၂၃ ဆိုရင်တော့ ကွီးတို့တွေ စိတ်ညစ်ကြရပါတယ်။

ဒါဆိုရင် အကုန်အကျလည်းမများအောင် စိတ်ကူးယဉ်ဆန်ဆန်လေးလည်းဖြစ်အောင် ဒိတ်ပုံဒိတ်နည်းလေးတွေရှိတယ်ဆိုရင် စိတ်ဝင်စားကြရဲ့လား။

ရုပ်ရှင်ပွဲတော်နေ့မှာ ရုပ်ရှင်ကြည့်ရင်း ဒိတ်ကြမယ်

များသောအားဖြင့် ဒီလိုပွဲတော်ကို သံရုံးတွေမှာ ပြုလုပ်လေ့ရှိပါတယ်။ သံရုံးဝန်းအတွင်း မြေကွက်လပ် မြက်ခင်းပြင်ပေါ်မှာ ပရိုဂျက်တာအကြီးထောင်ပြီး အများပြည်သူလာရောက် ကြည့်ရှုအပန်းဖြေနိုင်အောင် ပြုလုပ်ပေးထားတာပါ။ ရုပ်ရှင်လက်မှတ်ဖိုးလည်း မကုန်တော့ဘဲ နှစ်ယောက်အတူတူ ပျော်ရွှင်စရာအချိန်လေးကို ကုန်ဆုံးနိုင်ပါတယ်။

ဂိမ်းအတူတူဆော့ကြမယ်

ကွန်ပျူတာဂိမ်း၊ ဖုန်းထဲက ဂိမ်းတွေမဟုတ်ဘဲ အင်္ဂလိပ်စာလုံးဆက်တဲ့ဂိမ်းနဲ့ အခြားစိတ်ဝင်စားဖွယ်ရာဂိမ်းလေးတွေကို အားလပ်ရက်လေးမှာ နှစ်ယောက်သား ပျော်ပွဲစားထွက်ရင်း အတူတူဆော့လို့လည်း ရပါတယ်။

စက်ဘီးစီးထွက်ကြမယ်

သူမက စက်ဘီးစီးတတ်တယ်ဆိုရင် တစ်ယောက်တစ်စီး စီးလို့လည်း ရသလို၊ သင်က သူမကို တင်နင်းရင်း နှစ်ယောက်အတူတူ လေညှင်းခံလို့လည်းရပါတယ်။ သာယာလှပတဲ့ရှုခင်းလေးကို ချစ်တဲ့သူနဲ့အတူတူကြည့်ခွင့်ရတာကလည်း ကံကောင်းခြင်းလို့ ဆိုရမှာပါပဲ။

အပြင်ထွက်မစားဘဲ အိမ်မှာပဲ အတူတူချက်စားကြမယ်

အပြင်မှာ ထွက်စားတဲ့အခါ အနည်းဆုံး တစ်သောင်းဝန်းကျင်တော့ ကျမှာပါ။ စူပါမားကတ်က စားစရာလေးတွေဝယ်ပြီး အိမ်မှာအတူတူ ပြင်ဆင်ချက်ပြုတ်မယ်ဆိုရင် မိမိစားချင်တာကို စိတ်ကြိုက်ပြင်ဆင်ချက်ပြုတ်လို့လည်းရသလို တစ်ယောက်အကြောင်းတစ်ယောက် ပိုသိကျွမ်းလာအောင် ပြုလုပ်ပေးနိုင်ပါတယ်။

Gym အတူတူ သွားဆော့ရင်း ဒိတ်ကြမယ်

ချစ်သူစုံတွဲတွေက သွားအတူ လာအတူ စားအတူဆိုတော့ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ရင်လည်း အတူတူပြုလုပ်လေ့ရှိပါတယ်။ လေ့ကျင့်ခန်း အတူတူလုပ်ရင်း ဓာတ်ပုံရိုက်ကာ ဆိုရှယ်မီဒီယာပေါ်တင်ပြီး Single သမားတွေ အားကျလာအောင်လည်း ပြုလုပ်နိုင်ပါသေးတယ်။