MyStyle Myanmar ရဲ့ စာဖတ်ချစ်ပရိတ်သတ်လေးတွေထဲမှာရော အချစ်ကို ယုံကြည်ကိုးကွယ်တတ်တဲ့သူလေးတွေလည်း ပါကြမယ်ထင်ပါတယ်နော်။ ‌အချစ်က ခံစားမှုတွေထဲမှာ ပျော်ရွှင်ကြည်နူးဖို့အကောင်းဆုံး ခံစားချက်တစ်ခုလို့တောင် ပြောနိုင်ပါတယ်။

သူ့ကိုတွေ့ရင် ရင်ခုန်တယ်၊ အတူရှိနေချိန်တွေမှာ ပျော်ရွှင်ကြည်နူးမိတယ်၊ သူနဲ့အတူတူ ရှေ့ဆက်လျှောက်မယ့် အနာဂတ်ကို ကြိုတွေးနေမယ်ဆိုတာတွေကို မလိုချင်တဲ့သူ မခံစားမိတဲ့သူ မရှိသလောက်ပါပဲ့။

အချစ်စစ်ဆိုတာကို ကိုယ်တကယ်လက်တွေ့မခံစားမိသေးသရွေ့တော့ ယုံကြည်ကြမှာမဟုတ်ပါဘူးနော်။ ဒါကြောင့် ကိုယ်တစ်ကယ်ချစ်မိပြီး ကိုယ့်ကိုလည်း တစ်ကယ်ချစ်တဲ့သူတစ်ယောက်ကို သင်စတင်ရှာတွေ့ပြီဆိုတာနဲ့ ဒီလိုခံစားမှုလေးတွေကို မဖြစ်မနေ သင်သိရှိခံစားမိမှာဖြစ်ပါတယ်။ ဘယ်လိုမျိုးခံစားချက်လေးတွေလဲဆိုတာ သိချင်နေကြတဲ့သူလေးတွေအတွက် မျှဝေပေးလိုက်ပါပြီနော်။

ယုံကြည်အားကိုးထိုက်သူ

ကိုယ့်ရဲ့ ယုံကြည်မှုကို အပြည့်မအပ်ရဲတဲ့သူဆီမှာ အဖိုးတန်တဲ့အချိန်တွေနဲ့ အချစ်တွေကို ပေးဆပ်ရတာဟာ ဘယ်လိုမှမထိုက်တန်ပါဘူး။ ကိုယ့်ကိုလိမ်နေမလား၊ ကိုယ့်အပေါ်ဖောက်ပြန်လေမလားဆိုတဲ့ စိတ်ကူးသံသယတွေက ကိုယ့်ကိုစိုးမိုးနေရင် ချစ်သူနှစ်ဦးကြားဆက်ဆံရေးဟာ ပျော်စရာ၊ ကြည်နူးစရာလုံးဝမကောင်းပါဘူး။ ကိုယ့်အပေါ်မှာ ယုံကြည်မှုအပြည့်ရှိတယ်ဆိုရင် ကိုယ့်ကိုတစ်ကယ်ချစ်ပြီး တစ်ကယ်တန်ဖိုးထားတယ်ဆိုတာကို သိနိုင်ပါတယ်။

အမြဲအသင့်ရှိနေတတ်တဲ့သူ

ကိုယ်လိုအပ်ချိန်တိုင်းမှာ အနားမှာရှိနေပေးပြီး ဘယ်မှခွဲမသွားပါဘူး။ ကိုယ့်အပေါ်တကယ်ဂရုစိုက်ပြီး ကိုယ့်ဆီမှာဘာတွေဖြစ်နေလဲဆိုတာကို အမြဲအလေးထားနေသူတစ်ဦးပါ။ ဘဝဆိုတာဟာ မြင့်တစ်လှည့် နိမ့်တစ်လှည့်ရှိတဲ့အတွက်ကြောင့် ကိုယ့်အနားမှာအမြဲရှိနေပေးသူတစ်ဦးကို ပိုင်ဆိုင်ရတာဟာ တကယ်ကို ကောင်းတဲ့ဆုလဒ်တစ်ခုပါပဲ။

ရယ်မောပျော်ရွှင်အောင် လုပ်နိုင်စွမ်းရှိသူ

ဘဝဆိုတာဟာ တိုတောင်းလှပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ ပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်ရယ်မောမောနေထိုင်ပါ။ ကိုယ့်ရဲ့ချစ်သူနဲ့အတူရှိနေချိန်လေးတွေကို ကြည်နူးရပြီး ကြုံတွေ့လာရတဲ့ အသေးအမွှားကိစ္စလေးတွေကိုပါ ပျော်စရာလို့တွေးထင်ပြီး ရယ်မောခြင်းဟာ ဘဝမှာနေချင်စရာပါ။ ဒါ့အပြင် ကိုယ်ရဲ့ဟာသဉာဏ်လေးတွေကိုလည်း လက်ခံတတ်မယ့် ချစ်သူကိုလည်း လိုအပ်ပါတယ်နော်။

သိုဝှက်ခြင်းမရှိပဲ့ ပွင့်လင်းတိုင်ပင်ညှိနှိုင်းတတ်တဲ့သူ

ချစ်သူရယ်လို့ ဖြစ်လာပြီဆိုရင် တစ်ဦးနဲ့တစ်ဦးကြားမှာ ရိုးသားမှု၊ ပွင့်လင်းမှုတွေလိုအပ်လာပါပြီ။ ကိုယ်တွေးနေတဲ့အတွေးတွေ၊ ကိုယ်ခံစားနေရတဲ့ စိတ်ခံစားချက်တွေကို မပြောပြ၊ မဖော်ပြပဲနဲ့ တစ်ဖက်လူကလည်း ဘယ်လိုမှသိနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် နှစ်ကိုယ်တူအတွေးလေးတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ လိုပါတယ်။