လုပ်ငန်းခွင်ဆိုတာ ဘဝရဲ့အချိန်တော်တော်များများ ကုန်ဆုံးတဲ့နေရာတစ်ခုပါ။ ဒါပေမယ့် အဲဒီအလုပ်ခွင်က Toxic ဖြစ်တဲ့လုပ်ငန်းခွင်မဖြစ်ဖို့တော့ အရေးကြီးပါတယ် ။ Toxic ဖြစ်တဲ့လုပ်ငန်းခွင်က စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ပြီး မောပန်းနွမ်းနယ်မှု၊ စိတ်ဖိစီးမှုတို့ကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ လက်ရှိသင်ရောက်နေတဲ့ လုပ်ငန်းခွင်ကကော Toxic ဖြစ်တဲ့လုပ်ငန်းခွင်ဟုတ်မဟုတ် ဒီအချက်တွေနဲ့ ပြန်ဆန်းစစ်ကြည့်ပါ။

အဆိုးမြင်စိတ်

Toxic ဖြစ်တဲ့လုပ်ငန်းခွင်က အဆိုးမြင်စိတ်တွေ လွှမ်းခြုံနေတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း သို့မဟုတ် အထက်လူကြီးက အမြင်မကြည်တာ ၊ မကျေနပ်ချက်တွေ အတင်းအဖျင်းတွေနဲ့ပြည့်နေတတ်ပါတယ်။

ထောက်ပံ့မှု

ကိုယ်ရေးကိုယ်တာအတွက်သာမက လုပ်ငန်းကျွမ်းကျင်မှုတိုးတက်ဖို့အတွက် အထောက်အကူဖြစ်စေတဲ့ အလုပ်ပတ်ဝန်းကျင်ဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။ လုပ်ဖော်ကိုင်ဖက် သို့မဟုတ် အထက်လူကြီးဆီကနေ သင့်လျော်တဲ့ လမ်းညွှန်မှု သို့မဟုတ် ပံ့ပိုးကူညီမှုမရှိဘဲ အဆက်မပြတ် ရုန်းကန်နေရပြီဆိုရင် ဒါကလည်း Toxic ဖြစ်တဲ့လုပ်ငန်းခွင်ရဲ့ လက္ခဏာတစ်ခုပါပဲ။

အသေးစားစီမံခန့်ခွဲမှု

လုပ်ငန်းခွင်မှာ စီမံခန့်ခွဲမှုဆိုတာ မရှိမဖြစ်လိုအပ်တာမှန်ပေမယ့် လိုအပ်တာထက်ပိုလာပြီဆိုရင် ဒါက တီထွင်ဖန်တီးနိုင်စွမ်းကို ဟန့်တားနိုင်ပြီး ယုံကြည်မှုကို ထိခိုက်ကာ အသက်ရှူကြပ်တဲ့ခံစားချက်ကို ဖြစ်စေပါတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖို့ အခွင့်အရေးမရှိတာကလည်း Toxic ဖြစ်တဲ့လုပ်ငန်းခွင်ရဲ့ ထင်ရှားတဲ့လက္ခဏာပါ။

လည်ပတ်နှုန်း

ထွက်သွားတဲ့ ဝန်ထမ်းတွေ တဖွဲဖွဲရှိနေတယ်ဆိုရင် ဒီလုပ်ငန်းခွင်ကို လူတွေက မကျေမနပ်ဖြစ်နေကြတာကို ဆိုလိုပါတယ်။ Toxic ဖြစ်တဲ့လုပ်ငန်းခွင်က မကျေနပ်မှုများကို ဖြစ်ပေါ်စေပြီး အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်များကို အခြားအခွင့်အလမ်းများကို ရှာဖွေဖို့ အတင်းအကျပ် ခိုင်းစေလေ့ရှိပါတယ်။

အလုပ်-ဘဝ ဟန်ချက်ညီမှု

အလုပ်ချိန်ပြင်ပမှာ အီးမေးလ်များ ဖြေရတာ သို့မဟုတ် ကျိုးကြောင်းဆီလျော်မှုမရှိသော အလုပ်တာဝန်များကို ထမ်းဆောင်ဖို့ ဖိအားတွေရှိနေတာက သင့်အား စိတ်ပင်ပန်းစေပြီး ကိုယ်ပိုင်အချိန်များကို ဆုံးရှုံးစေကာ နာတာရှည်စိတ်ဖိစီးမှုဖြစ်စေပြီး အလုပ်ပေါ် စိတ်ကျေနပ်မှုကို လျော့ကျစေပါတယ်။

မတရားတဲ့ အပြုအမူ

Toxic ဖြစ်တဲ့လုပ်ငန်းခွင်တွေမှာ မျက်နှာလိုက်မှု၊ ခွဲခြားဆက်ဆံမှုနဲ့ တရားမျှတမှုမရှိတဲ့ဆက်ဆံမှုတွေကို အမြဲမြင်တွေ့ရတတ်ပါတယ်။ ဘက်လိုက်တဲဆက်ဆံမှုတွေ ၊ ခွဲခြားဆက်ဆံတဲ့အပြုအမူတွေကို ခံစားနေရပြီဆိုရင်တော့ ဒီလုပ်ငန်းခွင်က သေချာပေါက် Toxic ဖြစ်တဲ့လုပ်ငန်းခွင်ပါ။

အနိုင်ကျင့်မှု

ဘယ်လိုပုံစံနဲ့ဘဲဖြစ်ဖြစ် လုပ်ငန်းခွင်မှာ နှောင့်ယှက်တာ အနိုင်ကျင့်တာတွေက စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်များကို ပြင်းထန်စွာ ခံစားရနိုင်တာကြောင့် ဘယ်လိုအနိုင်ကျင့်မှုတွေကိုမှ သည်းမခံသင့်ပါဘူး။