သင့်ချစ်သူက သင်နဲ့ လမ်းခွဲချင်တဲ့အခါ ဘယ်လိုအပြုအမူမျိုးကို ပြုလုပ်လေ့ရှိသလဲဆိုတာကို သင် သိပါသလား။ သမီးရည်းစားဆက်ဆံရေးဆိုတာ ရှုပ်ထွေးနက်နဲလှပါတယ်။

အချစ်ရေးနဲ့ ပတ်သက်လာတဲ့အခါ လူတိုင်းလူတိုင်းက ကိုယ် ဘာလုပ်လို့ လုပ်နေမှန်းတောင် မသိကြတော့ပါဘူး။ တခါတလေမှာ ကိုယ်က အရူးအမူးချစ်နေပေမယ့် တစ်ဖက်လူက ကိုယ့်အချစ်ကို တန်ဖိုးမထားတော့ဘဲ ကစားစရာတစ်ခုလို့သာ မြင်နေတဲ့အခါ အဆုံးသတ်မှာ ကိုယ်ပဲ အသည်းကွဲရမှာပါ။

ဒီလိုမျိုး ကိုယ့်ချစ်သူဟာ ကိုယ်နဲ့သမီးရည်းစားဆက်ဆံရေးကို ရပ်တန့်ပစ်လိုက်ချင်တဲ့အချိန်မှာတော့ အခုဖော်ပြပေးမယ့်အပြုအမူမျိုး ပြုလုပ်တတ်ကြပါတယ်။

ကိုယ်က သူ့အတွက် ဦးစားပေး မဟုတ်တော့တဲ့အခါ

တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြတဲ့အခါ သူဟာ ကိုယ့်အတွက် ကမ္ဘာတစ်ခုဖြစ်သလို သူ့အတွက် ကိုယ့်ရဲ့ ဖြစ်တည်မှုသည်လည်း နံပါတ် (၁) နေရာမှာရှိပါတယ်။ ဒါပေမဲ့ သင့်ကို သူ မချစ်တော့တဲ့အခါမှာတော့ သင်ဟာ သူ့အတွက် အရာရာတိုင်းမှာ နောက်ဆုံးပဲဖြစ်သွားပါလိမ့်မယ်။

သင် ဘာလုပ်လုပ် ဂရုမစိုက်တော့တဲ့အခါ

သင့်ဘာသာ သင့်သူငယ်ချင်းတွေနဲ့ ညနက် ဘယ်အချိန်အထိပဲနေနေ ဂရုစိုက်မှာ မဟုတ်တော့ပါဘူး။ သင်နဲ့ ရက်ပိုင်းလောက် အဆက်အသွယ်မရှိတော့တဲ့အခါမှာလည်း အရေးလုပ်နေတော့မှာ မဟုတ်တော့ပါဘူး။ သင် ဘာလုပ်လုပ် ဂရုမစိုက်တော့ခြင်းက ဘာ့ကြောင့်လို့ သင် ထင်ပါသလဲ။

သင်နဲ့ အရင်ကလို စကားအကြာကြီး မပြောတော့တဲ့အခါ

သမီးရည်းစား စဖြစ်ခါစတုန်းက ညအိပ်ရာဝင်ခါနီးတိုင်း တီတီတာတာ ပြောဖူးကြပါလိမ့်မယ်။ တစ်ယောက်ရဲ့ လျှို့ဝှက်ချက်တွေကိုလည်း အခြားတစ်ယောက်ကို ပြန်ပြောင်းပြောရင်း သံယောဇဉ်များ တဖြည်းဖြည်း ငြိတွယ်လာကြပါလိမ့်မယ်။ ဒါပေမဲ့ သင်နဲ့ အရင်လို စကားအကြာကြီး မပြောတော့ဘူးဆိုရင်တော့ စိုးရိမ်ရေအမှတ်ကို ရောက်ရှိနေပါပြီ။

သင်နဲ့ ဒိတ်လုပ်ဖို့ကို ငြင်းဆန်နေတဲ့အခါ

သင်နဲ့ ဒိတ်လုပ်ဖို့ကိုလည်း ရင်ခုန်စိတ်လှုပ်ရှားခြင်းမရှိတော့ဘူး။ ဒိတ်လုပ်ဖို့ ငြင်းဆန်နေခြင်းကလည်း ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။

သင်နဲ့ ရန်မဖြစ်တော့တဲ့အခါ

ချစ်သူတွေဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်သဘောထားချင်း မတိုက်ဆိုင်တော့တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ငြင်းခုန်ရန်ဖြစ်တတ်ကြပါတယ်။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲ။ ဒါပေမဲ့ သင်နဲ့ ရန်မဖြစ်တော့ဘူးဆိုရင်တော့ သင့်ကို သူ စိတ်မဝင်စားတော့တာကို ပြသနေတာပါ။

အနာဂတ်အကြောင်း ဆွေးနွေးတိုင်ပင်ခြင်း မရှိတော့တဲ့အခါ

နောက်အနာဂတ်မှာ ဘယ်လိုအစီအစဉ်တွေ ရှိသလဲ။ နှစ်ယောက်တစ်ဘဝအတွက် ဘယ်လိုတွေ ပြင်ဆင်ထားကြသလဲ စတာတွေကို မပြောတော့ဘူးဆိုရင်တော့ သူ့အနာဂတ်ထဲမှာ သင် မပါတော့ဘူးဆိုတာ သေချာနေပါပြီ။

သူ့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ သင် ပျောက်ကွယ်သွားတဲ့အခါ

ချစ်သူသက်တမ်းနုစဉ်အခါတုန်းကတော့ စုံတွဲပုံလေးတွေတင်ရင်း တစ်ယောက်ပို့စ်မှာ အခြားတစ်ယောက်က ကွန်မန့်တွေမန့်ရင်း ချစ်ကြည်နူးခဲ့ကြဖူးပါလိမ့်မယ်။ ဒါပေမဲ့ သူ့ရဲ့ ဆိုရှယ်မီဒီယာပေါ်ကနေ သင် တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို သတိထားမိတဲ့အချိန်မှာတော့ အရာအားလုံးနောက်ကျသွားပါလိမ့်မယ်။