ဘဝတစ်လျှောက်လုံးမှာ တိုက်ဆိုင်မှုရှိလာတိုင်း သတိရမိတဲ့လူတစ်ယောက် ရှိပါတယ်။ ဒါကတော့ အချစ်ဦးပါ။ အချိန်တွေ ဘယ်လောက်ကြာသွားပါစေ ပုံစံတွေဘယ်လိုပဲပြောင်းလဲသွားပါစေ နှလုံးသားထဲက ထောင့်တစ်နေရာမှာ အမှတ်တရတွေ ထင်ကျန်နေဆဲဖြစ်ပါတယ်။

သင်အနေနဲ့ ဘယ်လောက်ပဲ အချစ်ဦးကို မေ့နိုင်ပြီပြောပြော တိုက်ဆိုင်လာရင်တော့ သတိရသွားတတ်တာပါပဲ။ ဒီတစ်ခေါက်မှာတော့ သင်ဟာ အချစ်ဦးကို မေ့မရသေးဘူးဆိုတာ ဖော်ပြနေတဲ့ လက္ခဏာလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) သီချင်းတစ်ပုဒ် ရုတ်တရက်ကြားလိုက်ရုံနဲ့ သင့်ကိုတုန်လှုပ်သွားစေနိုင်တာ အချစ်ဦးလို့ပြောရင်မှားနိုင်မလား။ သင်တို့အတူတူ နားထောင်ခဲ့ဖူးတဲ့သီချင်းဖြစ်စေ သင်တို့ချစ်သူနှစ်ဦးရဲ့အမှတ်တရတွေကို ပြန်ပြောင်းသတိရစေတဲ့ သီချင်းဖြစ်စေ ရေဒီယိုက လွှင့်တဲ့အချိန် ဒါမဟုတ် လမ်းသွားရင်း ရုတ်တရက်ကြားမိတဲ့အချိန်မှာ သင့်မျက်လုံးထဲ သူ့ကိုပဲ ပြေးမြင်မိတယ်ဆိုရင် သင့်မသိစိတ်ထဲမှာ အချစ်ဦးကို မမေ့သေးပါဘူးဆိုတာ သက်သေပါပဲ။

(၂) ချစ်သူတွေကြားမှာ အပြန်အလှန်အမှတ်တရလက်ဆောင်လေးတွေ ပေးတတ်ကြပါတယ်။ သင့်အနေနဲ့ သူပေးထားတဲ့ လက်ဆောင်ပစ္စည်းလေးတွေကို အခုထိသိမ်းထားတုန်းပဲလား။

အချစ်ဦးပေးခဲ့တဲ့အမှတ်တရပစ္စည်းလေးတွေကို မပစ်ရက်ဘဲ သင့်အခန်းရဲ့ မြင်နိုင်တဲ့နေရာတစ်ခုခုမှာ သိမ်းထားတုန်းပဲဆိုရင် သူ့ကိုမမေ့နိုင်သေးဘူးဆိုတာ ခန့်မှန်းကြည့်လို့ရနိုင်ပါတယ်။

(၃) အချစ်ဦးကိုမမေ့သေးတဲ့ နောက်ထပ်လက္ခဏာတစ်ခုက ဘယ်လောက်ပဲအနေတွေ ဝေးသွားကြပေမယ့် တစ်ခါတစ်လေမှာ သူ့ရဲ့အကောင့်နာမည်ကို ဆိုရှယ်မီဒီယာပေါ်ကနေ ရိုက်ရှာမိတာပါ။

တိုက်ဆိုင်လို့ဖြစ်စေ တိုက်ဆိုင်မှုမရှိပါပဲ ရုတ်တရက်သတိရလို့ သွားရှာမိတာမျိုးတွေ လုပ်တတ်ကြပါတယ်။ ကိုယ်သုံးတဲ့အကောင့်ကို Block ထားရင်တောင် အကောင့်အသစ်တစ်ခုနဲ့ ဝင်ကြည့်နေမိတာမျိုးပါ။

\

(၄) သူ့ကိုမမေ့နိုင်သေးဘူးဆိုရင် လမ်းမှာရုတ်တရက်ပြန်တွေ့တဲ့အခါ သင့်ခန္ဓာကိုယ်က ထူးဆန်းတဲ့ အမူအရာတွေပြနေပါလိမ့်မယ်။ နေကောင်းလားလို့ တည်တည်ငြိမ်ငြိမ်စတိုင်နဲ့ နှုတ်ဆက်လိုက်ပေမယ့် ရင်ထဲမှာအရမ်းမောဟိုက်ပြီး အားမရှိသလိုခံစားလိုက်ရတာမျိုး ၊ ကတုန်ကရီဖြစ်နေတာမျိုး ၊ ဒူးတွေတုန်ပြီး လမ်းလျှောက်လို့ မရအောင် ဟန်ချက်ပျက်နေမျိုးဆိုရင် သူ့ကို သင့်နှလုံးသားထဲက မထုတ်ရသေးဘူးဆိုတာ သေချာပါတယ်။

(၅) နောက်ဆုံးတစ်ချက်ကတော့ မျှော်လင့်ချက်ထားမိနေတာပါပဲ။ သင်လည်း သူ့အပေါ်ချစ်နေသေးသလို သူလည်းသင့်အပေါ်မှာ ချစ်တဲ့စိတ်ကျန်နေသေးတယ်လို့ ယုံကြည်နေမိမယ်။ သူသာလျှင် သင့်ဘဝအတွက် အသင့်တော်ဆုံး လူတစ်ယောက်လို့ ထင်နေမိမယ်။

တစ်ချိန်မှာ သင်တို့ပြန်ပေါင်းထုတ်လိမ့်မယ်လို့ မျှော်လင့်ချက်တွေ ထားနေမိသေးတယ်ဆိုရင် သင်သူ့အပေါ်မှာ စွဲစွဲလန်းလန်းမေ့လို့မရနိုင်သေးဘူးဆိုတာ သိနိုင်မှာပါ။