လူသားတိုင်းဟာ နေ့စဉ်လုပ်ငန်းတာဝန်များ ၊ တာဝန်ယူစရာများကြောင့် စိတ်ဖိစီးမှုများကို အချိန်နှင့်အမျှ ခံစားနေကြရတာ ဖြစ်ပါတယ်။ တာဝန်ပိုများလေ စိတ်ဖိစီးမှု ပိုများလေပါပဲ။ ဒါ့ကြောင့် အလုပ် တာဝန်အများကြီးကြောင့် ရလာတဲ့ စိတ်ဖိစီးမှုများကို ဖြေဖျောက်ဖို့ရန်အတွက် တစ်နှစ်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ ခရီးသွားသင့်ပါတယ်။

အလုပ်ကိစ္စတွေကို ခဏလောက် မေ့ထားပြီး ခရီးသွားဖို့ အမှန်တကယ် လိုအပ်နေကြောင်း ဖော်ပြနေတဲ့ လက္ခဏာများရှိပါတယ်။ ထိုလက္ခဏာများကို ခံစားနေရပြီဆိုရင်တော့ အလုပ် ကနေ နှစ်ရက်တန်သည် သုံးရက်၊ တစ်ပတ် စသည်ဖြင့် အခြေအနေအလိုက် ခွင့်ယူကာ ခရီးသွား သင့်ပါတယ်။

အလုပ်ကြောင့် စိတ်ဖိစီးမှုများနေပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ။

သင့်ပုံစံက တဖြည်းဖြည်းနဲ့ ပတ်စ်ပို့ဓာတ်ပုံထဲက ရုပ်လိုဖြစ်လာနေပြီ

များသောအားဖြင့် ပတ်စ်ပို့ ဓာတ်ပုံတွေက ရုပ်တည်တည်ကြီးနှင့် အိုစာနေတာများပါတယ်။ သင့်ရဲ့ လက်ရှိရုပ်သွင်ကိုလည်း မှန်ထဲမှာ ပြန်ကြည့်လိုက်ပါ။ ပတ်စ်ပို့ဓာတ်ပုံနဲ့ တဖြည်းဖြည်း တူလာပြီဆိုရင်တော့ သေချာပါတယ်။ စိတ်ဖိစီးစရာများကြောင့် အရွယ်က တဖြည်းဖြည်းအိုစာလာတာပါ။

ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တော့ဘူး

ညဘက်မှာလည်း ဟိုတွေး ဒီတွေးနဲ့ အတွေးပေါင်း သောင်းခြောက်ထောင်ကြောင့် အတွေးနယ်ကျွံကာ အိပ်မရဖြစ်နေပါသလား။ အိပ်ပျော်သွားပြန်ရင်လည်း မနက် ၃ နာရီ၊ ၄ နာရီလောက်မှာ လန့်နိုးလာနေတတ်ပြီလား။ တရေးတည်းနဲ့ အိပ်မပျော်တော့ဘဲ ကြက်အိပ် ကြက်နိုးဖြစ်နေပြီဆိုရင်တော့ ကြာလာတဲ့အခါ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။

ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝသည်လည်း ကမောက်ကမဖြစ်လာပြီ

ကိုယ့်ရဲ့ လူမှုဘဝ၊ သူငယ်ချင်းများနှင့် ပေါင်းသင်းဆက်ဆံရေး၊ ကိုယ့်ကောင်မလေးနဲ့ ဆက်ဆံရေး၊ မိသားစု ဆက်ဆံရေး စတဲ့ အခြေအနေအရပ်ရပ်သည် အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေသလို ခံစားနေရပါသလား။ ဒါသည် သင့်မှာ အလုပ်တွေ ပိပြီး သင့်ရဲ့ လူမှုဘဝ၊ သင့်ကိုယ်ပိုင်ဘဝကို ထိခိုက်လာနေကြောင်း ဖော်ပြနေတာ ဖြစ်ပါတယ်။

အလုပ်မှာလည်း အမှားတွေ များလာပြီ

အရင်ကလိုမျိုးမဟုတ်တော့ဘဲ အလုပ်မှာ အမှားတွေပဲ ဆက်တိုက်လုပ်လာနေမိပြီလား။ အလုပ်လုပ်ဖို့လည်း စိတ်ဓာတ်တက်ကြွမှု မရှိတော့ဘဲ ဘာအလုပ်မှ မလုပ်ချင်သလို ခံစားနေရပါသလား။ ဒါဆိုရင်တော့ ပိတ်ရက်ရလာတဲ့အခါ အလုပ်တွေကို မေ့ပစ်ပြီး စိတ်လွတ်လက်လွတ်သာ ခရီးထွက်ပစ်လိုက်ပါ။

ဘေးနားကနေ တစ်ယောက်ယောက်က ဟာသပြောနေရင်လည်း မရယ်မောတော့ဘူး

ဘေးနားက လုပ်ဖော်ကိုင်ဖက်၊ ကိုယ့်မိသားစု၊ သူငယ်ချင်းတွေက ဟာသရွှန်းရွှန်းဝေအောင် ပြောနေသော်ငြားလည်း ကိုယ့်မှာ ဟာသလို့ မမြင်တော့ဘဲ စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုလို မြင်နေပြီလား။ ဒါဆိုရင်တော့ သင့်ရဲ့ စိတ်ဖိစီးမှုတွေက တော်တော့်ကို များနေကြောင်း ဖော်ပြနေတာပဲဖြစ်ပါတယ်။

အလုပ်အကြောင်းပဲ တစ်ချိန်လုံးစဉ်းစားနေရတယ်

အလုပ်သည်သာ ပထမ၊ အလုပ်သည်သာ ဒုတိယဆိုပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝတွေလည်း တဖြည်းဖြည်း ဆုံးရှုံးမှန်းမသိ ဆုံးရှုံးလာနေသလို ခံစားနေရပြီလား။ အကောင်းဆုံး ဖြေရှင်းနည်းကတော့ ရက်အနည်းငယ်ကြာအောင် ခရီးထွက်ခြင်းပဲဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း အလုပ်လုပ်နေတဲ့ သူတွေသည် တစ်နှစ်ကို အနည်းဆုံး တစ်ခေါက်၊ နှစ်ခေါက်ခန့် ခရီးသွားနေကြတာပဲဖြစ်ပါတယ်။ ဒီနည်းလမ်းကသာ သူတို့အတွက် စိတ်ထွက်ပေါက်တစ်ခုလိုဖြစ်နေတာပါ။

စိတ်ဖိစီးမှုများကို ဖြေဖျောက်ဖို့ရန်အတွက် ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အကျင့်ဆိုးများကို စတင်ပြုလုပ်လာပြီ

ညနက်တဲ့အထိ မအိပ်ဘဲ ဟာသရုပ်ရှင်တွေ ထိုင်ကြည့်နေတာမျိုး (သို့မဟုတ်) စိတ်ဖိစီးမှု ပြေပျောက်အောင်လို့ သွားရေစာများကို အလွန်အကျွံ စားသုံးတာမျိုး စသည်ဖြင့် စိတ်ဖိစီးမှု ပြေပျောက်ဖို့ရန်အတွက် ကျန်းမာရေးနှင့် မညီညွှတ်တဲ့ အပြုအမူများကို ပြုလုပ်နေမိပြီလား။

အထက်ဖော်ပြပါ အခြေအနေများကို ကြုံတွေ့နေရပြီဆိုရင်တော့ သင့်ရဲ့အလုပ်ကနေ ခဏလောက် အနားယူပြီး အပန်းဖြေ ခရီးသွားဖို့ လိုအပ်နေပြီပဲ ဖြစ်ပါတယ်။ ခရီးမှာ တစ်ဝကြီး အနားယူကာ စွမ်းအင်အသစ် ပြန်လည်မွေးမြူပြီး အလုပ်မှာ အရင်ကလိုပဲ စွမ်းဆောင်ရည်မြင့်မြင့်နဲ့ လုပ်ဆောင်နိုင်ဖို့ရန်အတွက် ကြိုးစားလိုက်ပါ။