တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲ ချစ်နေကြပါစေ။ သူ့လွတ်လပ်ခွင့် ကိုယ့်လွတ်လပ်ခွင့်ဆိုတာ ရှိကြတာကြောင့် ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝကို အရမ်းကာရော ဝင်ရောက်စွက်ဖက်လာပြီဆိုရင်တော့ ဒီ Relationship က ရေရှည်တည်တံ့ခိုင်မြဲမှာမဟုတ်ပါဘူး။

သင့်အနေနဲ့ ကိုယ့်ချစ်သူဆီက အခုဖော်ပြပါ လက္ခဏာများ မြင်တွေ့နေရပြီဆိုရင်တော့ သေချာပါတယ်။ ထိန်းချုပ်ခံနေရပါပြီ။ ဒါဆိုရင် ဘယ်လိုမျိုး ပြန်လည်တုန့်ပြန်ရမလဲ ဆိုတာကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

ကိုယ်ကချည်းပဲ အပြစ်တင်ခံနေရပါသလား

ကိုယ့်လုပ်ရပ်က မှန်နေရင်တောင်မှ အနည်းငယ် ကတောက်ကဆဖြစ်ပြီးတဲ့နောက်မှာ ကိုယ့်အမှားချည်းပဲ ဖြစ်နေသယောင်ယောင် လွှဲချနေပါသလား။ အမှားတွေ အကုန်လုံးကို သင့်ထံလွှဲချပြီး သူကတော့ အပြစ်ကင်းသယောင်ယောင်၊ အနစ်နာခံရသူဖြစ်အောင် ပုံဖော်နေပြီဆိုရင်တော့ သတိထားဖို့လိုပါပြီ။ မကြာခင်ပဲ သင့်ကို ထိန်းချုပ်တော့မှာဖြစ်ပါတယ်။

စီစဉ်ထားသလို မဖြစ်လာရင် ဒေါသပုန်ထလာတယ်

သူ့အစီအစဉ်အတိုင်း မဖြစ်လာတဲ့အခါ၊ သူ့စိတ်တိုင်းကျ သင်က မဖြည့်ဆည်းပေးတဲ့အခါ အလွယ်တကူ ဒေါသထွက်လာပြီး သူဖြစ်စေချင်တဲ့အတိုင်း ပြန်လည်လုပ်ခိုင်းပါတယ်။ သူဖြစ်စေချင်သလို မလုပ်ပေးတော့တဲ့အခါ လမ်းခွဲလိုက်တော့မယ်၊ မချစ်တော့ဘူး ဆိုတဲ့ စကားလုံးများနဲ့ ခြိမ်းခြောက်လာပါလိမ့်မယ်။

ဘယ်တော့မှ အကောင်းပြောမခံရဘူး

သူ့အတွက် ဘယ်လောက်ပဲ ဖြည့်ဆည်းပေးနေပါစေ ကျေနပ်တင်းတိမ်ရောင့်ရဲမှုမရှိဘဲ သင့်ကို ဒီ့ထက်ပိုပြီး ဖြည့်ဆည်းပေးစေချင်ပါလိမ့်မယ်။ တဖြည်းဖြည်း အချိန်ကြာလာသည်နှင့် သင့်စိတ်ထဲမှာ ကိုယ့်ရဲ့ချစ်သူအတွက် ဘာကိုမှ မဖြည့်ဆည်းပေးနိုင်ပါလားဆိုပြီး သင်ကိုယ်တိုင်တောင် ထင်မှတ်လာပါလိမ့်မယ်။

ဘာလုပ်နေသလဲဆိုတာကို မေးခွန်းပေါင်း သောင်းခြောက်ထောင်နဲ့ မေးခွန်းထုတ်နေမယ်

ကိုယ့်ချစ်သူကို ထိန်းချုပ်တတ်တဲ့သူတွေဟာ များသောအားဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိတဲ့သူတွေ များပါတယ်။ ဒါ့ကြောင့် သင် ဘာလုပ်မှာလဲ။ ဘယ်သွားမှာလဲ။ ဘယ်သူနဲ့ သွားမှာလဲ စတဲ့ မေးခွန်းတွေနဲ့ သင့်ကို အမြဲတမ်း မျက်စိဒေါက်ထောက်ကြည့်နေမှာဖြစ်ပါတယ်။

သင့် ကိုယ်ပိုင်အချိန်တွေကို ဝင်ရောက်စွက်ဖက်နေမယ်

ကိုယ့်ရဲ့သူငယ်ချင်းတွေနဲ့ အပြင်သွားတဲ့အခါမှာလည်း ဖုန်းတဂွမ်ဂွမ်ဆက်ပြီး အိမ်မပြန်သေးဘူးလား။ ဘယ်တော့ပြန်မှာလဲ စသည်ဖြင့် မေးမြန်းနေခြင်း (သို့) ကိုယ့် သူငယ်ချင်းတွေနဲ့တောင် အပြင်ထွက်ခွင့်မပေးခြင်း၊ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်ကိုတောင် ကိုယ့် စိတ်ကြိုက်အသုံးမပြုနိုင်ဘဲ သူ့အတွက်သာ အချိန်ပေးစေခြင်း စတဲ့အချက်တွေဟာ ချစ်သူက ထိန်းချုပ်နေကြာင်း သိသာထင်ရှားတဲ့ အချက်ပဲဖြစ်ပါတယ်။