လူအများရဲ့နှစ်သက်သဘောကျခြင်းခံရတဲ့ လူတစ်ယောက်ဖြစ်ရတာ သိပ်ကောင်းပါတယ်။ အလုပ်မှာ လုပ်ဖော်ကိုင်ဖက်တွေ နှစ်လိုတဲ့လူ ၊ ကျောင်းမှာ သူငယ်ချင်းတွေ ချစ်ခင်တဲ့သူ ၊ နောက်ဆုံး တစ်ယောက်ယောက်က ကိုယ့်ကို Crush တာကအစ အကုန်လုံးဟာ သဘောကျစရာတွေချည်းပါပဲ။ တစ်ခါတလေတော့လည်း ကိုယ့်ကို လူတွေ သဘောကျတယ်ဆိုတာ ချက်ချင်းမသိသာတာမျိုး ရှိပါတယ်။ အခုပြောမယ့်အချက်လေးတွေကတော့ တစ်ယောက်ယောက် ကိုယ့်ကို တိတ်တဆိတ် ကြိတ်ကြွေနေပြီဆိုတဲ့အကြောင်း သိနိုင်မယ့် အချက်လေးတွေပဲ ဖြစ်ပါတယ်။

(၁) ကိုယ့်စကားသံအတိုင်း တုံ့ပြန်တတ်တယ်

ဒီအချက်က တစ်ယောက်ယောက် ကိုယ့်ကို သဘောကျနေတာကို သိနိုင်မယ့် လက္ခဏာတွေထဲက သိသာတဲ့အချက် ဖြစ်ပါတယ်။ လူတွေဟာ ကိုယ်နှစ်သက်တဲ့လူရဲ့ လေယူလေသိမ်းအတိုင်း လိုက်ပြီး ပြောလေ့ရှိပါတယ်။ ကိုယ့်ရဲ့ အပြုအမူမျိုး လိုက်လုပ်တာတို့ ၊ ကိုယ့်လေသံအနိမ့်အမြင့်အတိုင်း စကားပြောတာတို့ လုပ်ရင် သတိထားကြည့်ပါ။ ဒါဟာ တစ်နည်းအားဖြင့် ကိုယ့်က သူ့အပေါ် ဆွဲဆောင်မှုရှိနေလို့ပါပဲ။

(၂) ကိုယ့်ကို ကိုယ်ရေးကိုယ်တာကိစ္စတွေ ပြောတတ်တယ်

လူတစ်ယောက်ဟာ ကိုယ့်ကို သဘောကျလေလေ ကိုယ့်ကို သူတို့ရဲ့ကိုယ်ရေးကိုယ်တာအကြောင်း အသေးစိတ်ပြောပြတတ်လေလေပါပဲ။ အထူးသဖြင့် သူတို့လုပ်ခဲ့တဲ့ ချို့ယွင်းချက်တွေနဲ့ အခက်အခဲတွေပါ မျှဝေတတ်တာ ဖြစ်ပါတယ်။ နောက်တစ်ဆင့် တက်လာတာက ကိုယ့်ကိုလည်း ကိုယ့်အကြောင်း ပြောပြဖို့ တောင်းဆိုတာမျိုး ဖြစ်ပါတယ်။

(၃) ခြေချင်းချိတ် မထိုင်ပြဘူး

Body Language ကိုကြည့်ပြီးလည်း လူတစ်ယောက် ကိုယ့်ကို စိတ်ဝင်စားသလားဆိုတာ သိနိုင်ပါတယ်။ လက်ပိုက်ပြီး စကားပြောတဲ့သူ ၊ ခြေချင်းချိတ်ပြီး စကားပြောတတ်တဲ့ မိန်းကလေးမျိုးက Close Body Language နဲ့ ဆက်သွယ်နေတာ ဖြစ်ပါတယ်။ ကိုယ့်ကို ကြိုဆိုမှုရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံစံဆိုတာ ခြေချိတ်မထိုင်ဘဲ နေတယ်။ ကြည့်တဲ့အကြည့်တွေကလည်း စိတ်ဝင်တစားရှိပြီး လက်ဖဝါးတွေကို လွတ်လွတ်လပ်လပ်ထားတတ်ပါတယ်။

(၄) Single ဖြစ်တဲ့အကြောင်း အထူးပြုပြောတယ်

ဒီအချက်ကလည်း ကောင်မလေးတစ်ယောက် ကိုယ့်ကို စိတ်ဝင်စားနေကြောင်း သိနိုင်တဲ့ အချက်ထဲမှာ ပါပါတယ်။ စကားလက်ဆုံပြောရင်းနဲ့ ကိုယ့်မှာ ချစ်သူမရှိကြောင်း တည့်တည့်ပြောတတ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ ကြုံရင် တခြားသူတွေကိုရော ဒီစကား ပြောတတ်သလား အကဲခတ်ပါ။ ဒါက သင့်အတွက် လမ်းဖွင့်ထားတာလည်း ဖြစ်နိုင်ပါတယ်။

(၅) အနားမှာရှိတဲ့ အရာဝတ္ထုတွေနဲ့ ကစားပြတယ်

ဥပမာ- ဆံပင်ကို ပွတ်သပ်နေတာမျိုး ၊ လက်သည်းတွေ အချင်းချင်း ကုတ်ခြစ်နေတာမျိုး ၊ ပစ္စည်းတစ်ခုခုကို အကြောင်းမဲ့ ပွတ်သပ်နေတာမျိုး စိတ်လှုပ်ရှားနေချိန် လုပ်တတ်တဲ့ အချက်တွေကို သတိထားကြည့်ပါ။ ဒါက ကိုယ့်ကို စိတ်ဝင်စားနေလို့ အရှက်သည်းနေတာလည်း ဖြစ်တတ်ပါတယ်။