သမီးရည်းစားဆက်ဆံရေး တစ်ခုမှာ တစ်ဖက်လူက စိတ်ဝင်စားမှု သက်သက်ကိုသာ လိုချင်တပ်မက်ပြီး ကိုယ်နဲ့ရည်းစားမတော်ချင်တဲ့အခါ ဘယ်လိုပြုမူသလဲဆိုတာ သိကြပါသလား။ ကိုယ်က သူ့ကို နှစ်နှစ်ကာကာချစ်ပေမယ့် သူက ကိုယ့်ဆီက Attention သက်သက်ကိုသာ လိုချင်နေကြောင်းကို ဖော်ပြနေတဲ့ အပြုအမူတချို့ရှိပါတယ်။

ဒိတ်လုပ်ဖို့ ပြောတဲ့အခါတိုင်း ငြင်းဆန်နေမယ်

သူနဲ့ အွန်လိုင်းကနေ စကားပြောဖြစ်နေမယ်။ ဖုန်းနဲ့ အမြဲတမ်း အဆက်အသွယ်ရှိနေပေမယ့် တကယ့်တကယ်တမ်း ဒိတ်လုပ်ဖို့ ပြောတဲ့အခါ အကြောင်းပြချက် မျိုးစုံပေးကာ ငြင်းဆန်နေပါလိမ့်မယ်။

တကယ်လို့ ဒိတ်လုပ်ဖို့ ကမ်းလှမ်းချက်ကို လက်ခံလိုက်တယ်ဆိုရင်တောင်မှ လာခါနီးကျမှ အရေးပေါ်ကိစ္စကြောင့် ဖျက်လိုက်ရတာမျိုး (သို့) ဒိတ်ဖို့လာတဲ့အချိန်မှာ အခြားသူငယ်ချင်းများကို ခေါ်လာတာမျိုး စတာတွေကို ပြုလုပ်ပါလိမ့်မယ်။

သင့်အနားမှာ ရှိပေမယ့် အခြားကို အာရုံရောက်နေတာမျိုး

သမီးရည်းစားဆက်ဆံရေးမှာ ဒိတ်လုပ်ကြတဲ့အခါ ဖုန်းပဲသုံးနေမယ်။ ဆယ်လ်ဖီ ရိုက်နေမယ်။ ကိုယ့်ဘေးနားမှာ ရုပ်ပိုင်းဆိုင်ရာအရ ရှိနေပေမယ့် သူ့စိတ်ကတော့ ကိုယ့်ဆီမှာ ရှိမနေတတ်ပါဘူး။

ဒီအချက်က သူဟာ အပြင်မှာ သမီးရည်းစားတို့သဘာဝ ဝတ်ကျေတန်းကျေသာ ဒိတ်လုပ်တာဖြစ်ပြီး တကယ်တမ်းတော့ သင့်ကို ချစ်တာမဟုတ်ကြောင်း ဖော်ပြနေတာဖြစ်ပါတယ်။

လူတကာနဲ့ ကြူကြူစိန် လုပ်နေမယ်

သင့်ရဲ့ ကွယ်ရာမှာ သိသိသာသာပဲဖြစ်ဖြစ် မသိမသာပဲဖြစ်ဖြစ် သင့်အရှေ့မှာ ပေါ်ပေါ်တင်တင်ပဲဖြစ်ဖြစ် အခြားသူတွေနဲ့ ကြူကြူစိန် လုပ်နေပြီဆိုကတည်းက သင့်ကို စိတ်မဝင်စားတော့ဘူးဆိုတာ ရာနှုန်းပြည့် သေချာနေပြီမဟုတ်လား။

ဆင်ခြေတွေက ဝေဝေဝါးဝါးဖြစ်နေမယ်

စောစောက ပြောခဲ့သလိုပေါ့။ ဒိတ်ဖို့ ခေါ်ပေမယ့် သူက ဒိတ်ဖို့ အဆင်မပြေကြောင်း ဆင်ခြေမျိုးစုံပေးတဲ့အခါ သူပေးတဲ့ ဆင်ခြေတွေက ယုတ္တိမရှိတာတွေ များပါလိမ့်မယ်။

ဘာ့ကြောင့် ဒီလိုမျိုး လုပ်နေရတာလဲ။

သင့်ကို သူ့အနားမှာ ထားထားရတာ သူ့ကို စိတ်ပျော်ရွှင်စေပြီး သူ့ကိုသာ အာရုံစိုက်တာကို လိုချင်လို့ဖြစ်ပါတယ်။

နှစ်ယောက်တည်း အတူမရှိချင်ဘူး

နှစ်ယောက်တည်း အတူမရှိချင်ဘူးဆိုတာ သင်နဲ့ဆက်ပြီး သမီးရည်းစား မတော်ချင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ ထို သမီးရည်းစားဆက်ဆံရေး တစ်ခုကို သင့်အနေနဲ့ သူ့အတွက် စိတ်ဝင်စားမှုတွေ ထပ်ပေးနေဦးမှာလား။ ကိုယ့်ပျော်ရွှင်မှု အစစ်အမှန်ကို ဆက်ပြီးရှာဖွေမလားဆိုတာ သင့်ရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပါတယ်။