ဘယ်သူမဆို အချစ်ရေးမှာ ကံကောင်းချင်ကြတာပါပဲ။ ကိုယ်နဲ့ တစ်သက်လုံးအတူ ဒုက္ခသုက္ခတွေကို လက်တွဲရင်ဆိုင်မယ့် အချစ်စစ်အချစ်မှန်ကို ပိုင်ဆိုင်ဖို့ဆိုတာကတော့ ဆုလာဘ်ကြီးလို့ ဆိုနိုင်ပါတယ်။

အချစ်ကြောင့် အမြဲပျော်ရွှင်စိတ်ချမ်းသာချင်တယ် ၊ ဘဝမှာ ဘာကြုံကြုံ ကိုယ့်အနားမှာ အတူအားပေးမယ့်သူနဲ့ နေချင်တယ်ဆိုရင် မှန်ကန်တဲ့ ဘဝလက်တွဲဖော် ရွေးချယ်နိုင်ဖို့ လိုပါတယ်။

တကယ်လို့ သင်ကြုံတွေ့ရတဲ့ ချစ်သူတွေထဲမှာ ဒီအချက်တွေနဲ့ ပြည့်စုံရင် မှန်ကန်တဲ့ ဘဝလက်တွဲဖော်နဲ့ တွေ့ပြီလို့ သတ်မှတ်နိုင်ပါတယ်။

(၁) တူမျှတဲ့ ဝါသနာတွေ ရှိသင့်တယ်

တစ်ယောက်နဲ့တစ်ယောက်အကြား တူညီတဲ့ စိတ်ဝင်စားမှုလေးတွေရှိနေတာဟာ သံယောဇဉ်တွေ ပိုခိုင်မာစေတဲ့အချက် ဖြစ်ပါတယ်။ သူငယ်ချင်းမိတ်ဆွေတွေမှာတောင် ဝါသနာတူရင် ရေရှည်မိတ်ဆွေတွေအဖြစ် အတူလက်တွဲဖြစ်ဖို့ အလားအလာများလေလေပါပဲ။

ကိုယ့်ဘဝကို တစ်ယောက်ယောက်နဲ့အတူ ဖြတ်သန်းကုန်ဆုံးစေတော့မယ်လို့ ဆုံးဖြတ်ထားရင် နှစ်ဦးအကြားမှာ အကြိုက်တူ /စရိုက်တူမှုတွေ များရဲ့လားဆိုတာ အရင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၂) ဉာဏ်ရည်ချင်း မျှတယ်

လက်ထပ်ဖို့အထိ စဉ်းစားထားတယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ပညာချင်း ၊ ဉာဏ်ရည်ဉာဏ်သွေးနဲ့ အတွေးအခေါ်ချင်း မတိမ်းမယိမ်းရှိတဲ့သူ ဖြစ်တဲ့သူမျိုးကို ရွေးချယ်သင့်ပါတယ်။

ဘဝတစ်ခုလုံးကို ဖြတ်သန်းရာမှာ အတွေးအခေါ်တွေ မမျှဘဲ အမြင်ချင်း ကန့်လန့်ဖြစ်နေရင် အဆင်ပြေပျော်ရွှင်တဲ့ အိမ်ထောင်ရေးဖြစ်ဖို့ မလွယ်ပါဘူး။

(၃) အပြန်အလှန်လေးစားမှုရှိတယ်

ဘဝလက်တွဲဖော်အထိ ရည်ရွယ်တဲ့ သူတစ်ယောက်ဟာ သင့်ကို လေးစားမှု ၊ အထင်ကြီးမှုရှိတဲ့သူဖြစ်ဖို့ လိုပါတယ်။ အပြန်အလှန်လေးစား ယုံကြည်တဲ့ ဆက်ဆံရေးကပဲ တစ်သက်လုံးအတွက် ရေရှည်ခိုင်မြဲတဲ့ ဘဝတစ်ခုတည်ဆောက်ရေးကို သွားနိုင်မှာပါ။

ဒါကြောင့် သင့်ရဲ့ အိပ်မက်နဲ့ ရည်မှန်းချက်တွေကို လေးစားမှုရှိပြီး သင့်ကိုယ်ရည်ကိုယ်သွေးနဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြုတဲ့သူမျိုးနဲ့ပဲ ရှေ့ခရီးဆက်ပါလို့ ပြောချင်ပါတယ်။

(၄) စိတ်ချယုံကြည်မှုရှိတယ်

သံသယများပြီး စိတ်သဘောထား နုတဲ့သူကို ချစ်မိတာလည်း ကျိန်စာပါပဲ။ ကမ္ဘာပေါ်က ပျက်စီးပြိုကွဲသွားတဲ့ အိမ်ထောင်ရေးတွေရဲ့ အဓိကအကြောင်းရင်းထဲမှာ အချင်းချင်း မယုံစိတ်တွေ ၊ သံသယနဲ့ သဘောထားသေးသိမ်မှုတွေက အဓိက အချက်လို့ ပြောနိုင်ပါတယ်။

ဒါကြောင့် လက်တွဲဖော်ရွေးမယ်ဆိုရင် သင့်ကို ယုံကြည်မှုရှိတဲ့သူကို ရွေးချယ်ဖို့ ပြောချင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ဖြည့်စွက်ပြောရရင် သစ္စာတရားကို အလေးထားသူဖြစ်ဖို့ပါပဲ။ သင့်ကို စိတ်ချယုံကြည်တဲ့ သင့်က စိတ်ချယုံကြည်ပြီး ပုံအပ်နိုင်တဲ့ လက်တွဲဖော်မျိုး ဖြစ်မှပဲ အချစ်ခရီးချမ်းမြေ့မှာပါ။