ကိုယ်နဲ့အဆင်မပြေနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ကိုယ့်ကိုယ်ကို အတင်းဖိအားပေးပြီး ဆက်လျောက်နေတာဟာ အဲ့ဒီအလုပ်ခွင်နယ်ပယ်တစ်ခုက ကောင်းကျိုးထက် ဆိုးကျိုးသက်ရောက်မှုတွေသာ ပိုပြီးဖြစ်လာစေမှာ ဖြစ်ပါတယ်။

အခုပြောပြမယ့် အချက်တွေနဲ့ ထပ်တူကျနေပြီဆိုရင်တော့ လက်ရှိ Career ကို ပြောင်းလဲဖို့ အချိန်ကျနေပြီဆိုတာ သိနိုင်ပါပြီ။

(၁) အမြဲတမ်း ပင်ပန်းနွမ်းနယ်ခြင်းတွေ ခံစားနေရတယ်

ကိုယ်နဲ့ ကိုက်ညီမှုမရှိတဲ့ အလုပ်တစ်ခုကို လုပ်ကိုင်နေရခြင်းဟာ စိတ်ဖိစီးမှုများပြီး စိတ်နဲ့ခန္ဓာကိုယ်ကို ပြိုကွဲသွားစေတဲ့အထိ ဆိုးကျိုးသက် ရောက်နိုင်ပါတယ်။ လက်ရှိလုပ်ကိုင်နေတဲ့ နယ်ပယ်တစ်ခုမှာ စိတ်ပျော်ရွှင် တက်ကြွမှုမရှိတော့ဘူး ၊ တနင်္ဂနွေနေ့ညတွေဟာ အိပ်မက်ဆိုးကြီးတစ်ခုလို ခံစားနေရပြီ ၊ ရုပ်ပိုင်း စိတ်ပိုင်း ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေပြီး အမြဲတမ်း အားအင်ကုန်ခမ်း ပင်ပန်းနွမ်းနယ်နေစေတယ်ဆိုရင်တော့ အဲ့ဒီအလုပ်ခွင်နယ်ပယ်ထဲက ရုန်းထွက်ဖို့ စဉ်းစားသင့်ပါပြီ။

(၂) ဖန်တီးနိုင်စွမ်းတွေ လျော့ကျလာနေတယ်

အလုပ်တစ်ခုဟာ စိတ်အားထက်သန်မှုနဲ့ တက်ကြွမှုမရှိရင် လုပ်ငန်းစွမ်းဆောင်ရည်လျော့ကျစေနိုင်သလို ဖန်တီးနိုင်မှု စွမ်းအားတွေလည်း ရှိမှာမဟုတ်ပါဘူး။ ကိုယ်တကယ် စိတ်မပါတဲ့ အလုပ်တစ်ခုကို လုပ်ကိုင်နေရခြင်းဟာ ပင်ပန်းမှုတွေကိုပဲ ဖြစ်စေပြီး ငြီးငွေ့ပျင်းရိခြင်းတွေနဲ့အတူ လုံးလည်ချာလည် လိုက်နေမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက ဖန်တီးနိုင်စွမ်းတွေကို အသုံးချခွင့် မရတဲ့ အလုပ်ခွင်နယ်ပယ်တစ်ခုဖြစ်နေမယ်ဆိုရင်လည်း ကိုယ့်ရဲ့ အစွမ်းအစတွေက တဖြည်းဖြည်း တိမ်မြုပ်ပျောက်ကွယ်လာမှာ ဖြစ်ပါတယ်။

(၃) Career ပြောင်းဖို့ လိုလိုလားလား စိတ်အားထက်သန်နေတယ်

လက်ရှိနယ်ပယ်ကို စွန့်ခွာပြီး နောက်ထပ် စိတ်ဝင်စားတဲ့ Career တစ်ခုကိုပြောင်းဖို့ စိတ်အားထက်သန်နေတယ်ဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ ဒီအလုပ်ခွင်နယ်ပယ်ဟာ တကယ်ပဲ ကိုယ်နဲ့ ကိုက်ညီမှု လုံးဝမရှိဘူးဆိုတာ သေချာပြီလား ၊ နှလုံးသားထဲက လိုလိုလားလား Career ချိန်းဖို့ကို စိတ်အားထက်သန်နေပြီလား ဆိုတာပေါ့။

ဒီလို ခံစားနေရတယ်ဆိုရင် နောက်တစ်ဆင့် ကိုယ့်အတွက် တက်လမ်းရှိပြီး ရေရှည်မှာ ခိုင်မာတဲ့ ရပ်တည်ချက်တစ်ခုခု ပေးနိုင်မယ့် အလုပ်ကို စူးစမ်းရှာဖွေပြီးမှ လက်ရှိအလုပ်ကို စွန့်လွှတ်ဖို့ အကြံပြုချင်ပါတယ်။

(၄) အရာအားလုံးနဲ့ အဆက်အသွယ် ပြတ်တောက်နေတယ်

လက်ရှိအလုပ်ကြောင့် ကိုယ့်ဘဝထဲက အရေးပါတဲ့ မိသားစုတွေ ၊ သူငယ်ချင်းမိတ်ဆွေတွေ ၊ ဝါသနာပါတဲ့အရာအားလုံးနဲ့ အဆက်သွယ်ပြတ်နေပြီး ဒီအလုပ်ပေါ်မှာပဲ ရုန်းကန်နေရတယ်ဆိုရင် ရေရှည်မှာ သိပ်မဟန်ပါဘူး။

ပိုက်ဆံရတာတစ်ခုတည်းကို ကြည့်ပြီး အလုပ်ပြီးရင်း အလုပ် ဖြစ်နေရပြီဆိုရင် မကြာခင်မှာ ကိုယ့်ကိုယ်ကို ပျောက်ဆုံးသွားသလို ခံစားရမှာ မလွဲမသွေပါပဲ။

Work-Life Balance ဆိုတဲ့ အလုပ်နဲ့ ဘဝဟန်ချက်မှုရှိရှိနဲ့ အောင်မြင်တိုးတက်လာခြင်းသည်သာ ကောင်းမွန်မှန်ကန်ပြီး ကိုယ်နဲ့ သင့်တော်တဲ့ အလုပ်တစ်ခုလို့ ပြောနိုင်မှာ ဖြစ်ပါတယ်။