ငယ်စဉ်က ရုပ်ပိုင်းဆိုင်ရာအပြုအမူတွေကိုသာ သင်ကြားပေးကြပေမယ့် စိတ်ပိုင်းဆိုင်ရာသန်မာဖို့အတွက် ဘယ်လိုနေထိုင်၊ တည်ဆောက်သင့်သလဲဆိုတာကိုတော့ မသင်ပေးဖြစ်ခဲ့ကြတာ များပါတယ်။ တချို့သားသမီးတွေကတော့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အရမ်းအားပေးတဲ့မိသားစုမျိုးမှာ မွေးဖွားလာကြရင် အများအားဖြင့် ကိုယ့်ကိုကိုယုံကြည်မှု ရှိတတ်ကြတာကို တွေ့မြင်ရပါတယ်။

တခါတလေ အဆင်မပြေမှုတွေများပြီး လောကဓံဆိုးတွေကြောင့်လည်း ကိုယ့်ကိုကိုယုံကြည်မှု အားနည်းသွားကြတဲ့သူတွေလည်း ရှိတတ်ကြပါတယ်။ ဒါကြောင့် အချိန်မီ သိပြီး ပြင်ဆင်ပြောင်းလဲနိုင်ဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းနေတယ်ဆိုတာကို သိစေနိုင်တဲ့အချက်များကို ဝေမျှပေးလိုက်ပါတယ်နော်။

အရှုံးကို ရင်ဆိုင်ရမှာ ကြောက်ရွံ့နေခြင်း

ငယ်စဉ်တုန်းက အရှုံးမကြောက်ခဲ့သလောက် အသက်ကြီးလာတဲ့အခါမှာ ဆုံးရှုံးမှုတွေကို ရင်ဆိုင်ဖြေရှင်းရမှာ စိုးထိတ်နေတတ်ကြတယ်။

အမှားတိုင်းက မကောင်းတဲ့အရာ မဟုတ်ပါဘူး။ အမှားကနေ လေ့လာသင်ယူလို့ရပါတယ်။ အသက်ဆိုတာလည်း ဂဏန်းတစ်ခုပါဘဲ။ အမြဲတမ်း လူငယ်တစ်ယောက်လို စိတ်မှာ တက်ကြွနေပါ။ ကိုယ့်ကိုယ်ကို အထင်သေးတာလောက် ဆိုးရွားတာ မရှိပါဘူးနော်။

စိတ်မတည်ငြိမ်ခြင်း

စိတ်မတည်ငြိမ်ဖြစ်တာ၊ စိတ်ဓာတ်ကျတာတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့နေလို့ပါပဲ့။ ဒါ့ကြောင့် ပထမဆုံး ကိုယ့်ရဲ့ရည်မှန်းချက်ကို ချမှတ်ပါ။ ကိုယ်လုပ်နေကျ အချိန်ဇယားတွေကို ပြောင်းလဲလိုက်ပါ။ အလုပ်အသစ် ဒါမှမဟုတ် ဝါသနာအသစ်တွေကို ရှာဖွေပါ။ ကိုယ့်ခေါင်းထဲမှာရှိနေတဲ့ မကောင်းတဲ့ စကားသံတွေကို ဖယ်ရှားပစ်ပြီး အိမ်မက်အသစ်မက်ကာ တက်တက်ကြွကြွ လုပ်ဆောင်လိုက်ပါ။

မျှော်လင့်ချက်တွေ၊ အိပ်မက်တွေမရှိခြင်း

သင်အသက် ၈ နှစ်အရွယ်ဘဲဖြစ်ဖြစ် အသက်၈၀ အရွယ်ဘဲဖြစ်ဖြစ် ဘာမှကိစ္စမရှိပါဘူး။ “ငှက်တွေက ပျံရင်းနဲ့ သေသလို၊ လူတွေကလည်း ကြံရင်း နဲ့ သေရပါမယ်” ။ ဒါ့ကြောင့် မရေမတွက်နိုင်တဲ့ မျှော်လင့်ချက်တွေ၊ အိမ်မက်တွေ လိုအပ်ပြီး အိမ်မက်တွေ အရောင်စုံလာအောင်လည်း ကြိုးစားသင့်ပါတယ်။ကဲ..ဒီတော့ မနက်တိုင်းကို မျှော်လင့်ချက်၊ အိမ်မက်တွေနဲ့ နိုးထပါ။

ကိုယ့်ကိုယ်ကိုအပြစ်တင်လေ့ရှိခြင်း

တခါတလေကျရင် ကိုယ့်ကိုကို အပြစ်တင်တဲ့အချိန်တွေ ရှိတတ်ကြပါတယ်။ ကိုယ့်ကလေးရဲ့ပညာရေး အခြေအနေမကောင်းရင် ကိုယ်ဂရုစိုက်တာ အားနည်းလို့၊ ကိုယ့်မိဘတွေ နေမကောင်းဖြစ်ရင် ကိုယ်ဂရုမစိုက်ခဲ့လို့နဲ့ တချိန်လုံး ကိုယ့်ကိုကို အပြစ်တင်နေတာမျိုးတွေ ရှိတတ်ကြပါတယ်။ အဲ့ဒီအချိန်မှာ ဝန်ထုပ်ဝန်ပိုးတွေကို ခဏလောက်ချထားပါ။ စိတ်ကော ကိုယ်ပါ တည်ငြိမ်အောင် ထားပါ။ ရိုးရိုးရှင်းရှင်းလေး စဉ်းစားပြီး ကိုယ်လုပ်နိုင်ခဲ့တာတွေကို စဉ်းစားပါ။ ကိုယ့်ကိုကို ပြန်ဝေဖန်ဆန်းစစ်ကြည့်လိုက်ပါ။