ဘဝမှာ အရာရာပြီးပြည့်စုံတဲ့ လက်တွဲဖော်ကောင်းတစ်ယောက်ရဖို့ မလွယ်လှပါဘူး။ လူတိုင်းမှာ လိုအပ်ချက်တွေ ရှိကြတယ်ဆိုပေမယ့် တစ်ယောက်လိုအပ်ချက်ကို တစ်ယောက် ညှိနှိုင်းနားလည်ပေးရင်းပဲ ရှေ့ဆက်ကြရတာမျိုးပါ။

ဒါပေမယ့် သင်ရွေးချယ်လိုက်တဲ့လူက အခုပြောပြမယ့် စရိုက်လက္ခဏာတွေ ရှိနေတယ်ဆိုရင်တော့ ရေရှည်လက်တွဲသွားနိုင်ဖို့ လုံးဝမဖြစ်နိုင်ပါဘူး။

(၁) တစ်ကိုယ်ကောင်းဆန်စိတ်ရှိသူ

Relationship တစ်ခုမှာ တစ်ကိုယ်ကောင်းဆန်မှုတွေရှိနေရင် ရေရှည်လက်တွဲဖို့ လုံးဝအဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ သင့်ဘက်က ဘယ်လောက်စာနာမှုရှိပြီး နှစ်ဦးသဘောကို ရှေ့ရှုပါစေ တစ်ဖက်လူဘက်က တစ်ကိုယ်ကောင်းဆန်ပြီး တယူသန်နေရင် ကြာလာတဲ့အခါ ကိုယ်ပဲ ပင်ပန်းမှုတွေ ခံစားရမှာပါ။

ဒါကြောင့် တစ်ကိုယ်ကောင်းဆန်စိတ်ရှိသူတွေက ဘဝအတွက်ကောင်းမွန်တဲ့ လက်တွဲဖော်တစ်ယောက် ဘယ်တော့မှာ ဖြစ်မလာနိုင်ဘူးဆိုတာ သိထားသင့်ပါတယ်။

(၂) ဖောက်ပြန်လွယ်သူ

ပြောရရင် လူတိုင်းက ကိုယ့်ရဲ့ချစ်သူအပေါ် စိတ်ချယုံကြည်မှု အပြည့်ရှိချင်ကြသူတွေချည်းပဲ မဟုတ်လား။ ကျောပေးလိုက်တာနဲ့ နောက်ကျောမလုံရတဲ့ ခံစားချက်မျိုး လိုချင်ကြမှာမဟုတ်ပါဘူး။

ဒီတော့ လွယ်ရင်လွယ်သလို ဖောက်ပြန်တက်သူတွေ သစ္စာတရားကို တန်ဖိုးမထားသူတွေ ပတ်သတ်ဆက်ဆံရမယ်ဆိုရင် အမြဲစိတ်ပူပြီး စိတ်ဆင်းရဲနေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သစ္စာတရားကို တန်ဖိုးမထားပဲ သင့်အပေါ်ဖောက်ပြန်လွယ်တက်သူတွေကို ရေရှည်အတွက် မမျှော်မှန်းပဲ စောစီးစွာ လက်လွတ်လိုက်တာ ပိုကောင်းပါတယ်။

(၃) ထိန်းချုပ်စိုးမိုးချင်သူ

လူတစ်ယောက်ကို ချစ်လို့သဝန်တိုတာနဲ့ ထိန်းချုပ်စိုးမိုးတာက မတူပါဘူး။ ကိုယ့်ဘဝထဲက အရာရာကို တစ်ဖက်လူက စိတ်ကြိုက်ထိန်းချုပ်စိုးမိုးခံနေရမယ်ဆိုရင် ကိုယ်ပိုင်လွတ်လပ်မှုဆိုတာလည်း ရှိတော့မှာ မဟုတ်ပါဘူး။

တဖြည်းဖြည်းနဲ့ ကိုယ့်ဘဝရည်မှန်းချက်တွေ ဝါသနာတွေနဲ့ စိတ်အားထက်သန်တဲ့အရာတွေက တစ်ဖက်လူရဲ့သဘောထားနဲ့ မတိုက်ဆိုင်ရင် တားဆီးပိတ်ပင်ခြင်းခံရတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ အပြန်အလှန်လေးစားမှုနဲ့ လွတ်လပ်စွာညှိနှိုင်းခြင်းရှိမှ ရေရှည်လက်တွဲလို့ အဆင်ပြေမှာပါ။

(၄) ကိုယ်ပဲ အမြဲမှန်တယ်လို့ လက်ကိုင်ထားသူ

ချစ်သူစုံတွဲတွေကြားမှာ ငြင်းခုံရတာ သဘောထားကွဲလွဲတာတွေက ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။ သို့သော်ဒီလို ပဋိပက္ခတွေဖြစ်လာချိန်မှာ အမှားအမှန်ကို သေချာဆုံးဖြတ်ခြင်းမရှိပဲ ကိုယ့်သဘောထားကသာအမှန် ကိုယ်လုပ်တာကသာ အမှန်လို့ အမြဲကိုယ်မှန်တယ်ဆိုတာကိုပဲ လက်ကိုင်ထားသူတွေဟာ သင့်အတွက်ကောင်းမွန်တဲ့ လက်တွဲဖော်ကောင်းတစ်ယောက်လုံးဝဖြစ်မလာနိုင်ဘူးဆိုတာ သေချာပါတယ်။