အားလုံးပဲ မင်္ဂလာပါ။ MyStyle Myanmar ရဲ့ စာဖတ်ချစ်ပရိတ်သတ်လေးတွေထဲမှာ အချစ်ကို ယုံကြည်ကိုးကွယ်တတ်တဲ့သူလေးတွေ ရှိကြတယ်မလား။ သူ့ကိုတွေ့လိုက်တာနဲ့ ရင်ခုန်စိတ်လှုပ်ရှားနေတတ်တယ်၊ အတူရှိနေချိန်တွေမှာ ပျော်ရွှင်ကြည်နူးနေမယ်၊ သူနဲ့အတူတူ ရှေ့ဆက်လျှောက်မယ့်အနာဂတ်ကို ကြိုတွေးနေမယ်ဆိုတာတွေကို မလိုချင်တဲ့သူတော့ မရှိလောက်ပါဘူးနော်။

ဒါပေမဲ့ အခုလိုအတုတွေပေါများလွန်းတဲ့ခေတ်ကြီးမှာ အချစ်စစ်ဆိုတာကို ကိုယ်တကယ်လက်တွေ့ခံစားရရှိဖို့ဆိုတာကလည်း မလွယ်ကူလှပါဘူး။ ဒါကြောင့် ဒီနေ့မှာတော့ ကိုယ်တစ်ကယ်နှစ်နှစ်ကာကာချစ်နေရသူကရော ကိုယ့်ကိုတစ်ကယ်အချစ်စစ်အချစ်မှန်နဲ့ချစ်ရဲ့လားဆိုတာကို ဆန်းစစ်နိုင်မယ့် အချက်လေးတချို့ကို ဝေမျှပေးလိုက်ပါတယ်နော်။

အမြဲကိုယ့်ရဲ့အနားမှာ မားမားမတ်မတ်ရှိနေတတ်တဲ့သူ

ကိုယ်လိုအပ်ချိန်တိုင်းမှာ အနားမှာရှိနေပေးပြီး ဘယ်မှခွဲမသွားပါဘူး။ ကိုယ့်အပေါ်တကယ်ဂရုစိုက်ပြီး ကိုယ့်ဆီမှာဘာတွေဖြစ်နေလဲဆိုတာကို အမြဲအလေးထားနေတတ်တဲ့သူတစ်ဦးပဲ့ဖြစ်ပါတယ်။ ဘဝဆိုတာဟာ အမြင့်တစ်လှည့် အနိမ့်တစ်လှည့်ရှိတဲ့အတွက်ကြောင့် ကိုယ့်အနားမှာအမြဲရှိနေပေးသူတစ်ဦးကို ပိုင်ဆိုင်ရတာဟာ တကယ်ကို ကောင်းတဲ့ဆုလဒ်တစ်ခုပါပဲ။

ယုံကြည်အားကိုးထိုက်သူ

ကိုယ့်ရဲ့ ယုံကြည်မှုကို အပြည့်မအပ်ရဲတဲ့သူဆီမှာ အဖိုးတန်တဲ့အချိန်တွေနဲ့ အချစ်တွေကို ပေးဆပ်ရတာဟာ ဘယ်လိုမှမထိုက်တန်ပါဘူး။ ကိုယ့်ကိုလိမ်နေမလား၊ ကိုယ့်အပေါ်ဖောက်ပြန်လေမလားဆိုတဲ့ စိတ်ကူးသံသယတွေက ကိုယ့်ကိုစိုးမိုးနေရင် ချစ်သူနှစ်ဦးကြားဆက်ဆံရေးဟာ ပျော်စရာ၊ ကြည်နူးစရာလုံးဝမကောင်းပါဘူး။ ကိုယ့်အပေါ်မှာ ယုံကြည်မှုအပြည့်ရှိတယ်ဆိုရင် ကိုယ့်ကိုတစ်ကယ်ချစ်ပြီး တစ်ကယ်တန်ဖိုးထားတယ်ဆိုတာကို သိနိုင်ပါတယ်။

ပွင့်လင်းစွာပြောဆိုဆက်ဆံတတ်သူ

ချစ်သူရယ်လို့ ဖြစ်လာပြီဆိုရင် တစ်ဦးနဲ့တစ်ဦးကြားမှာ ရိုးသားမှု၊ ပွင့်လင်းမှုတွေလိုအပ်လာပါပြီ။ ကိုယ်တွေးနေတဲ့အတွေးတွေ၊ ကိုယ်ခံစားနေရတဲ့ စိတ်ခံစားချက်တွေကို မပြောပြ၊ မဖော်ပြပဲနဲ့ တစ်ဖက်လူကလည်း ဘယ်လိုမှသိနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် နှစ်ကိုယ်တူအတွေးလေးတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ လိုပါတယ်။

သင့်ကို ပိုပြီးပျော်ရွှင်ရယ်မောစေချင်သူ

ဘဝဆိုတာဟာ တိုတောင်းလှပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ ပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်ရယ်မောမောနေထိုင်ပါ။ ကိုယ့်ရဲ့ချစ်သူနဲ့အတူရှိနေချိန်လေးတွေကို ကြည်နူးရပြီး ကြုံတွေ့လာရတဲ့ အသေးအမွှားကိစ္စလေးတွေကိုပါ ပျော်စရာလို့တွေးထင်ပြီး ရယ်မောခြင်းဟာ ဘဝမှာနေချင်စရာပါ။ ဒါ့အပြင် ကိုယ်ရဲ့ဟာသဉာဏ်လေးတွေကိုလည်း လက်ခံတတ်မယ့် ချစ်သူကိုလည်းလိုအပ်ပါတယ်နော်။