သူငယ်ချင်းအပေါင်းအသင်းတွေထဲမှာ ကိုယ့်ကိုယ်တကယ်ခင်လို့ ပေါင်းနေတဲ့သူတွေလည်းရှိသလို၊ လိုအပ်လို့၊ အကျိုးလိုလို့ ပေါင်းနေတဲ့သူတွေလည်း အများကြီး ရှိပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်အပေါ်တကယ်ခင်တဲ့ သူငယ်ချင်းမှန်းမဟုတ်မှန်း သိသာစေတဲ့အချက်တွေကို ပြောပြပေးလိုက်ပါတယ်။

မနာလိုစိတ်အပြည့်ရှိနေခြင်း

ကိုယ့်အပေါ်တကယ်မခင်တဲ့သူငယ်ချင်းက ကိုယ်အောင်မြင်သွားမှာ၊ သူတို့ထက်ပိုတော်သွားမှာ၊ ပိုလှသွားမှာကို အရမ်းကြောက်ကြပါတယ်။ သူ့တို့ထက်ပိုတော်သွားရင်၊ ပိုလှသွားရင်လည်း မနာလိုဖြစ်တတ်ကြပါတယ်။ သူတို့က သူငယ်ချင်းယောင်ဆောင်ပြီးတော့လည်း ချောက်တွန်းတတ်တာပါသေးတယ်။

ကျရှုံးချိန်အနားကထွက်သွားခြင်း

ကိုယ်အောင်မြင်နေတဲ့အချိန်၊ ကိုယ်အမြင့်ရောက်နေတဲ့အချိန်၊ ငွေရေးကြေးရေး အဆင်ပြေနေချိန်တွေမှာတော့ ကိုယ့်အပေါ်ကောင်းပြပြီး ပေါင်းသင်းနေတတ်ကြပါတယ်။ ကိုယ်ကျရှုံးတဲ့အချိန်၊ ကိုယ့်မှာ ဘာမှမရှိတော့တဲ့အချိန်မှာတော့ အနားကနေ ထွက်သွားတတ်ကြပါတယ်။

အမြဲဝေဖန်ကဲ့ရဲ့နေခြင်း

တကယ်စစ်မှန်တဲ့ သူငယ်ချင်းမဟုတ်တဲ့သူတွေက တစ်ခုခုဆို သင့်ကိုအရမ်းဝေဖန်ပါလိမ့်မယ်။ ဘာပဲလုပ်လုပ်သူများတွေလို အကောင်းမပြောပဲ တချိန်လုံးရှုံ့ချပြီး ဝေဖန်တတ်နေမယ်၊ သင့်အားနည်းချက်ကိုပဲ ဖိနှိမ်ပြီးပြောတာမျိုးတွေ၊ လှောင်ပြောင်ကဲ့ရဲ့တာမျိုးတွေ လုပ်တတ်ပါတယ်။ စတာလား အရှက်ခွဲတာလားဆိုတာ အပြောခံရတဲ့သူက အသိဆုံးဖြစ်ပါလိမ့်မယ်။

သစ္စာဖောက်ခြင်း

အဆိုးဆုံးကတော့ တကယ့်သူငယ်ချင်းကောင်းလိုလိုနဲ့ နောက်ကျောကို ဓားနဲ့ထိုးတာပါပဲ။ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး သစ္စာဖောက်တာ၊ သူငယ်ချင်းအချင်းချင်း စနိုက်ကြော်ခံရတာ၊ ကိုယ့်မကောင်းကြောင်းတွေ မပုတ်ချတာတွေက သင့်အပေါ်တကယ်ခင်တဲ့ စစ်မှန်တဲ့သူငယ်ချင်းဆို ဒီလိုတွေလုပ်မှာ မဟုတ်ပါဘူး။ ကိုယ့်အပေါ်တကယ်မခင်လို့သာ ကိုယ့်ဘက်ကိုမကြည့်ပဲ သူငယ်ချင်းအချင်းချင်း သစ္စာဖောက်တဲ့လုပ်ရပ်မျိုးကို ကျူးလွန်ကြတာပါ။

ဒီလိုသူငယ်ချင်းယောင်ဆောင်တွေကို ကိုယ့်ဘဝထဲက အပြီးတိုင်းထုတ်ပစ်တာ အကောင်းဆုံးပါပဲ။