သင်ဟာ ရုပ်ရှင်ကြည့်ရတာ ကြိုက်သူတစ်ယောက်ဆိုပေမယ့်လည်း အတိုင်းထက်လွန်ပြီး ရုပ်ရှင်စွဲလန်းနေသူတစ်ယောက်လား။ ညဘက်တွေအိပ်ရေးပျက်ခံပြီး ရုပ်ရှင်တွေကြည့်နေမိပြီလား။

ဒါဆိုရင်တော့ အခုဆောင်းပါးလေးကနေ သတိပေးချင်တဲ့အရာလေးတွေကို ပြောပြပေးချင်ပါတယ်။ အိပ်ရေးပျက်ခံပြီး ရုပ်ရှင်ကြည့်ရင် ဘယ်လိုဆိုးကျိုးတွေရလာနိုင်မလဲ ဆိုတဲ့ အကြောင်းပါ။

ညဘက် ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ ကြည့်တဲ့အခါမှာ ဒီတစ်ကားပြီးရင် အိပ်မယ် အိပ်မယ်နဲ့ ညဥ့်နက်သွားတတ်ပါတယ်။ တချို့ဆို မိုးလင်းပေါက် ဇာတ်လမ်းတွဲတွေ ကြည့်ကြပါတယ်။ ညမအိပ်ရတဲ့အခါမှာ မနက်နဲ့ နေ့ခင်းတွေမှာ အိပ်ကြပါတော့မယ်။ ဒီလိုနေ့ည ပြောင်းပြန်အိပ်တာက ခန္ဓာကိုယ်အစိတ်အပိုင်း တချို့ကို ထိခိုက်စေတဲ့အပြင် ကျန်းမာရေးကိုလည်း ဆိုးရွားစွာထိခိုက်စေပါတယ်။

နောက်တစ်ခုကတော့ ဖုန်း လက်တော့ Screen ဖန်သားပြင်တွေကနေ ထွက်လာတဲ့ အလင်းတွေကို အချိန်အကြာကြီး စိုက်ကြည့်တဲ့အခါမှာ မျက်စိညောင်းကိုက်လာပါမယ်။ ပြီးတော့ မျက်ရိုးကိုက်တာ၊ မျက်လုံးထဲမှာ အနီရောင်သွေးကြောတွေ ပေါ်လာတာ၊ မနက်ထရင် မျက်လုံးအောင့်တာနဲ့ မျက်စိမှုန်လာတာတွေ ဖြစ်လာနိုင်ပါတယ်။

ရုပ်ရှင်တွေ အချိန်အကြာကြီး ကြည့်တတ်တဲ့ သူတွေမှာ အဝလွန်တဲ့ ရောဂါဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်လက်လှုပ်ရှားမှု မရှိလို့ပါပဲ။ ဒါ့အပြင် ရုပ်ရှင်ကြည့်ရင်း သရေစာမုန့်တွေ စားတတ်တာကြောင့် တဖြည်းဖြည်းနဲ့ ဝလာတာပါ။ ဒါက နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေ ဆီးချိုရောဂါတွေ ဖြစ်နိုင်ခြေကို မြင့်တတ်စေပါတယ်။

ဒီလိုဆိုးကျိုးတွေ ရလာနိုင်တာကြောင့် ညဘက်ရုပ်ရှင်ကြည့်ခြင်းကို ရပ်တန့်ဖို့လိုတာဖြစ်ပါတယ်။ ကိုယ်က ရုပ်ရှင်ချစ်သူတစ်ယောက်ဆိုရင် နေ့လည်နေ့ခင်း ၊ ဒါမှမဟုတ် အားလပ်ချိန်တွေမှာကြည့်ပါ။ ညဘက်မှာတော့ အိပ်ချိန်ပြည့်ဝစွာအိပ်စက်ဖို့အကြံပြုချင်ပါတယ်။