ညဘက်တွေမှာ ရုပ်ရှင်ကြည့်ရင်း Facebook သုံးရင်းနဲ့ အိပ်ချိန် ပြည့်ပြည့်ဝဝ မရတော့ဘူးလား။ ဒါဆိုရင် ကျန်းမာရေးအတွက် စိတ်ပူစရာတွေ ရှိပါတယ်။

(၁) အူမကြီး ကင်ဆာ

အိပ်ရေးမဝရင် ခေါင်းကိုက်ပြီး မကြည်မလင် ဖြစ်ရုံလောက်လို့ မထင်လိုက်ပါနဲ့။ တစ်ညကို ၆ နာရီတောင် အိပ်ချိန်မပြည့်သူတွေဟာ အိပ်ရေးဝဝ အိပ်ရသူတွေထက် အူမကြီးနဲ့ဆက်စပ်တဲ့ ကင်ဆာဖြစ်ဖို့၅၀% နီးနီး ပိုမြင့်တယ်လို့ ဆိုပါတယ်။

(၂) သွေးတိုး

အိပ်ရေးပျက်သူတွေဟာ သွေးတိုးရောဂါဖြစ်ဖို့ ပိုများပါတယ်။ တစ်ညကို ၅ နာရီတောင် မအိပ်ဖြစ်ရင် သာမန်လူတွေထက် သွေးတိုးရောဂါဖြစ်ဖို့ နှစ်ဆကျော် ဖြစ်နိုင်ခြေရှိပါတယ်။ ဒါနဲ့ဆက်စပ်ပြီး ဆီးချို ၊ သွေးချိုနဲ့နှလုံးအားနည်းတာပါ ဖြစ်နိုင်ပါတယ်။

(၃) ဝိတ်တက်ခြင်း

အဝလွန်တဲ့ နောက်အကြောင်းတစ်ခုကတော့ အိပ်ချိန်ဟန်ချက် မညီမျှခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အိပ်ရေးမဝရင် အစားပိုစားဖြစ်ပြီး ကိုယ်ခန္ဓာ ဟန်ချက်မညီပြီးဝလာဖို့ ၁၅% ပိုများပါတယ်။

(၄) နောက်ကျောနာခြင်း

လုံလောက်အောင် မအိပ်စက်ခြင်းဟာ ခန္ဓာကိုယ်မှာ ယောင်ယမ်းမှုဖြစ်ခြင်းကို ပိုအားပေးပါတယ်။ ဒါနဲ့ဆက်စပ်ပြီး ကျောမကြီးတစ်လျှောက် နာကျင်မှု ပိုဆိုးလာစေနိုင်ပါတယ်။

(၅) စိတ်ရှုပ်ထွေးခြင်း

စိတ်တိုလွယ်တာကတော့ အိပ်ရေးပျက်ပြီး နောက်တစ်နေ့မှာကို သိသာမြင်သာတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ပိုဆိုးလာရင်တော့ The Machinist ဇာတ်ကားထဲက ခရစ်ရှန်ဘေးလ်လိုမျိုး စိတ်ဂယောင်ချောက်ချားဖြစ်ပြီး ထင်ယောင်ထင်မှားတွေ မြင်ရတဲ့အထိ ဆိုးသွားနိုင်ပါတယ်။

နောက်တစ်ခုက စိတ်နဲ့ဆက်စပ်ပြီး စိတ်ဓါတ်ကျတာ ၊ ခံစားလွယ်တာ ၊ မှတ်ဉာဏ်တွေ မေ့လျော့ပျောက်ဆုံးလာတာ ဖြစ်နိုင်ပါတယ်။

(၆) ကိုယ်ခံအားစနစ် ဟန်ချက်မညီခြင်း

Immune System လို့ခေါ်တဲ့ ကိုယ်ခံအားစနစ် ကမောက်ကမဖြစ်ရင် ပြင်ပရောဂါတွေကူး စက်လာနိုင်ပြီး ဗိုင်းရပ်နဲ့ဘက်တီးရီးယားတွေကို ဖိတ်ခေါ်ရာ ရောက်နေမှာပါ။

အိပ်ရေးမဝလို့ အသားအရေနဲ့ တစ်သျှုးတွေရဲ့ သွင်ပြင်ကအစ ထိခိုက်နိုင်ပါတယ်။ Cortisol ဟိုမုန်းအထွက်များလာပြီး အသားအရေကို ချောမွေ့နူးညံ့စေတဲ့ Collagen ကို ပြိုကွဲစေပါတယ်။

အိပ်ရေးဝဝ အိပ်တာ ၊ အာဟာရပြည့်ပြည့်ဝဝစားပြီး ကိုယ်လက်လေ့ကျင့်ခန်းများ လုပ်တာအပြင် နေမှုပုံစံကိုလည်း ကျန်းမာရေးနဲ့ညီအောင် ပြုပြင်သင့်ပါတယ်။