အခုလို တိုးတက်လာတဲ့ ဒီဂျစ်တယ်ခေတ်ကြီးထဲမှာ လူတွေက ထိုင်ပြီးအလုပ်လုပ်လာကြတာများပါတယ်။ အထိုင်များခြင်းဟာ ရေတို ရေရှည်ခန္ဓာကိုယ်ကျန်းမာရေးအတွက် အများကြီး သက်ရောက်မှုရှိနေပါတယ်။

အထိုင်များခြင်းဟာ သေစေနိုင်တဲ့အထိ အကျိုးသက်ရောက်မှုရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။

ကိုယ်အလေးချိန်တက်စေတယ်

အဆီနဲ့ သကြားဓာတ်တွေ ချေဖြတ်နိုင်ဖို့အတွက် ခန္ဓာကိုယ်က လှုပ်လှုပ်ရှားရှားရှိနေဖို့ လိုအပ်ပါတယ်။ လေ့ကျင်ခန်းလုပ်ခြင်းမရှိဘဲ တစ်နေကုန်ထိုင်နေခြင်းက ကိုယ်အလေးချိန်တက်စေပါတယ်။

ပြီးတော့ အစာခြေစနစ်ကိုလည်း ကမောက်ကမ ဖြစ်စေပါတယ်။ လေ့လာမှုတွေအရ အချိန်အကြာကြီး ထိုင်နေရတဲ့သူတွေမှာ ပုံမှန်လူထက်ပိုပြီး ဝိတ်တက်မြန်လေ့ရှိပြီး အန္တရာယ်ရှိတဲ့ အဆီတွေဗိုက်မှာ စုမိစေတယ်လို့ ဆိုထားပါတယ်။

ဦးနှောက်ကို ထိခိုက်စေတယ်

ခန္ဓာကိုယ်တွေကို လှုပ်ရှားတယ်ဆိုတာ ဦးနှောက်ထဲကို သွေးနဲ့အောက်ဆီဂျင်တွေ ကောင်းကောင်းလည်ပတ်နိုင်အောင်လို့ပါပဲ။ အထိုင်များတဲ့လူတွေကျတော့ ဦးနှောက်ထဲကို သွေးနဲ့ အောက်ဆီဂျင်ရောက်အောင် မပို့နိုင်တာကြောင့် ပုံမှန်မတွေးခေါ်နိုင်တော့ဘဲ လုပ်ရည်ကိုင်ရည်ကျလာပါတယ်။

ကျောကုန်းကို ထိခိုက်စေတယ်

လူတော်တော်များများ ခါးနာခါးကိုက်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းတစ်ခုကတော့ အထိုင်များတာကြောင့်ပါပဲ။ အထိုင်များရင် ခါးနာမယ်။ ကျောရိုးအောင့်မယ်။ ဗိုက်အောင့်မယ်။

လှုပ်လှုပ်ရှားရှား လုပ်ပေးခြင်းက ခါးရိုးထဲမှာရှိတဲ့ အရိုးဆက်လေးတွေကိုလှုပ်ရှားစေတာပြီး အထိုင်များရင် ခါးရိုးဆက်လေးတွေ လှုပ်ရှားမှုနည်းတာကြောင့် ခါးနာ၊ ကျောအောင့်ဖြစ်စေပါတယ်။

ကြွက်သား နာကျင်စေမယ်

ထိုင်နေမယ်ဆိုရင် ဝမ်းဗိုက်ကြွက်သားတွေကို လှုပ်ရှားဖို့မလိုပါဘူး။ အဲဒီလို ဝမ်းဗိုက်ကြွက်သားတွေကို အသုံးမပြုဘဲ အချိန်အကြာကြီးနေမယ်ဆိုရင် လူက လေးလံထိုင်းမှိုင်းလာပြီး ကြွက်သားနာကျင်မှုတွေ ဖြစ်လာစေပါတယ်။

နောက်ပြီး အထိုင်များခြင်းက လှုပ်ရှားမှုကို ကန့်သတ်ထိန်းချုပ်ထားတာကြောင့် ခါးနဲ့ကျောရိုးကြွက်သားတွေမှာလည်း နာကျင်စေပါတယ်။