တစ်ခါတစ်လေမှာ ခေါင်းလျော်ပြီးတဲ့အခါ ဆံပင်ခြောက်အောင်မသုတ်ပဲ အိပ်လိုက်တာမျိုး လူအများစု လုပ်မိတတ်ပါတယ်။ တကယ်တော့ ဒီလိုခေါင်းရေစိုနဲ့ အိပ်လိုက်တာက အင်မတန်အန္တရာယ်များပါတယ်။

ခေါင်းလျော်ပြီးတဲ့အခါ ဆံပင်ကိုရေစိုအောင်သုတ်ပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အကယ်၍ ဆံပင်ရေစိုနဲ့နေမိရင် အခုပြောပြမယ့် ဆိုးကျိုးတွေ ခံစားရစေနိုင်ပါတယ်။

(၁) ဦးရေပြားယားယံခြင်းကို ဖြစ်စေတယ်

ဦးရေပြားယားယံတဲ့အခါ လူအများစုက ခေါင်းလျော်ရည်ကြောင့်လို့ အပြစ်ပုံချလေ့ရှိပါတယ်။ တကယ်တော့ ဦးရေပြားယားယံခြင်းရဲ့ အဓိကအကြောင်းအရင်းက ဆံပင်ကိုရေခြောက်အောင်မသုတ် အစိုအတိုင်းနေမိလို့ပါ။

ဆံပင်တွေက ရေစိုနဲ့နေတဲ့အခါ ဦးရေပြားစိုထိုင်းခြင်းကို ဖြစ်စေပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားစေတာကြောင့် ဦးရေပြားယားယံခြင်းကို ဖြစ်စေတာဖြစ်ပါတယ်။

(၂) ခေါင်းကိုက်စေတယ်

ဆံကေသာကျွမ်းကျင်ပညာရှင်တွေအဆိုအရ ဆံပင်ရေစိုနဲ့ အိပ်စက်ခြင်းက ခန္ဓာကိုယ်အပူချိန်ကို လျော့ကျစေပြီး ခေါင်ကိုင်ခြင်းကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ ဆံပင်ရေစိုနဲ့အိပ်စက်ခြင်းရဲ့ နောက်ထပ်ဆိုးကျိုးတစ်ခုအနေနဲ့ကတော့ သင့်ကိုကောင်းစွာ အိပ်ပျော်စေနိုင်မှာမဟုတ်ပဲ အိပ်စက်ခြင်းကိုပါ အနှောက်အယှက်ဖြစ်စေတယ်လို့ ဆိုပါတယ်။

(၃) ဗောက်ထစေတယ်

ဆံပင်ကိုခြောက်အောင်မသုတ်ပဲ အိပ်လိုက်မယ်ဆိုရင် ဦးရေပြားရဲ့သဘာဝအဆီဓာတ်တွေကို ခြောက်ခမ်းစေပြီး ဘက်တီးရီးယားနှင့် မှိုပေါက်ဖွားခြင်းကို ပိုမိုတွန်းအားဖြစ်စေပါတယ်။

အဆိုပါ ဘက်တီးရီးယားနှင့် မှိုတွေက ဦးရေပြားယားယံခြင်းနှင့်ဗောက်ထခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတစ်ရပ်ဖြစ်တာကြောင့် ဆံပင်ရေစိုနှင့်မအိပ်မိဖို့ သတိပြုသင့်ပါတယ်။

(၄) ဆံသားပျက်စီးစေတယ်

ဆံပင်ရေစိုနှင့်အိပ်စက်ခြင်းက သင့်ရဲ့ဆံသားကို အင်မတန်ထိခိုက်ပျက်စီးစေနိုင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ဆံပင်များခြောက်သွေ့ပျက်စီးခြင်း ဆံသားကြမ်းတမ်းခြင်း အဖျားနှစ်ခွဖြစ်ခြင်း အဆီဓာတ်ခြမ်းခြောက်ခြင်း ဆံပင်ကျွတ်ခြင်း စသည်ဖြင့် ဆံသားကျန်းမာရေးနဲ့ ပတ်သတ်ပြီးထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။