ကိုယ်အလေးချိန်ကို ပုံမှန်ထက် မြန်မြန်လျှော့ချမယ်ဆိုရင် ကျန်းမာရေး ပြသာနာတွေ ရှိလာနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက်တင်မကပဲ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ရှိလာနိုင်ပါတယ်။ ဝိတ်မြန်မြန်ချတဲ့ နည်းလမ်းက ကိုယ်အလေးချိန်လျှောကျနိုင်ပေမဲ့ ရေရှည်အတွက် ဝိတ်ထိန်းဖို့ ခက်ခဲနိုင်ပါတယ်။

ကိုယ်အလေးချိန် လျင်မြန်စွာ လျှော့ချနိုင်ဖို့အတွက် တချို့တွေက ရေဓာတ်ခန်းခြောက်စေသော နည်းလမ်းကိုအသုံးပြုကြပါတယ်။ ခန္ဓာကိုယ်တခုလုံးကို ရေဓာတ်အများစုနဲ့ ဖွဲ့စည်းထားတာကြောင့် ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ရေဓာတ်ခန်းခြောက်အောင် လုပ်ကြတာပါ။ ဒါက အလွန်အန္တာရာယ်များတဲ့ နည်းလမ်းတခုပဲဖြစ်ပါတယ်။

ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အစိတ်အပိုင်းတွေ ကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့အတွက် ရေဓာတ်ပြည့်ဝနေဖို့လိုအပ်ပါတယ်။ တကယ်လို့ ရေဓာတ်လုံးလောက်စွာမရရှိဘူးဆိုရင် အားနည်းပြီး မူးဝေတာ၊ ခေါင်းကိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကြွက်သားတွေ ဆုံးရှုံးပျက်စီးခြင်းကိုလည်းဖြစ်စေနိုင်ပါတယ်။

ဝိတ်ချတဲ့ လူတော်တော်များများဟာ အဆီပိုတွေကို လျှော့ချပစ်ရမဲ့အစား ကယ်လိုရီစားသုံးမှုပမာဏကို လျှော့ချပစ်လေ့ရှိကြပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှု လျှော့ကျလာပြီး အားအင်တွေကုန်ခန်းကာ မောပန်းခြင်းကို ခံစားရပါမယ်။ ပြီးတော့ ကိုယ်အလေးချိန်မြန်မြန် လျှော့ချဖို့အတွက် အားကစားပြင်းထန်စွာ လုပ်တာကြောင့်လည်း မကြာခဏ မောပန်းခြင်းနဲ့ လျင်မြန်စွာ အားအင်ကုန်ခန်းခြင်းတို့လည်း ဖြစ်နိုင်ပါတယ်။

ကိုယ်အလေးချိန်လျှော့ချရာတွင် အစားအသောက်ကို ထိန်းချုပ်မှုများကြောင့် ခန္ဓာကိုယ်ကလိုအပ်သည့် အာဟာရဓာတ်များစွာကို လျော့ကျသွားစေသည်။ အစားအသောက်ထိန်းချုပ်မှု (သို့မဟုတ်)အစာမစားဘဲနေခြင်းတို့ကြောင့် ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှုနှုန်း နှေးသွားကာ စိတ်ဖိစီးမှုပိုများလာနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာ ဖိအားများလာနိုင်ပါတယ်။

အစားအသောက်ထိန်းချုပ်လိုက်ခြင်းကြောင့် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များမရသဖြင့် ဆံပင်ခြောက်သွေ့ကြွပ်ဆတ်ခြင်း၊ ဆံပင်ကျွတ်ခြင်းတို့ဖြစ်နိုင်ပါတယ်။ အစားအသောက်မစားသုံးသဖြင့် အလွန်စားသောက်လိုသောစိတ်ဖြစ်ပေါ်ပြီး ပုံမှန်အစားအစာပြန်စားချိန်တွင် ကိုယ်အလေးချိန်မှာ နဂိုထက်ပင်ပိုများလာနိုင်ပါတယ်။