“တချို့လျှို့ဝှက်ချက်တွေဟာ ဘယ်သူမှမသိအောင် မြှပ်နှံထားတာ ပိုကောင်းတယ်” လို့ ပြောတာကြားဖူးမှာပါ။ ဒီစကားက ငြင်းပယ်ဖို့ ခက်ပါတယ်။ လျှို့ဝှက်ချက်ဆိုတာ လျှို့ဝှက်ထားဖို့ပဲ မဟုတ်လား။

ဒါပေမယ့်လည်း ချစ်သူစုံတွဲတွေအကြား လျှို့ဝှက်ချက်ထားတာ ကောင်းသလားဆိုရင်တော့ ဖြေရခက်ပါတယ်။ လျှို့ဝှက်ထားတာက ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးမှာ ထိခိုက်နိုင်လို့ ဖြစ်ပါတယ်။

(၁) ဆက်သွယ်မှုမှာ အတားအဆီးဖြစ်လာနိုင်တယ်

လူနှစ်ယောက်ဆက်ဆံရေးမှာ လျှို့ဝှက်ချက်တွေ ပါလာရင် မရိုးသားတော့ပါဘူး။ ပွင့်လင်းရိုးသားတဲ့ ဆက်ဆံရေးဆိုတာ ရိုးရိုးဖြောင့်ဖြောင့် အရင်းခံစိတ်နဲ့ ဆက်သွယ်လို့ရတာ ဖြစ်ပါတယ်။ လျှို့ဝှက်ချက်တွေ ထားတဲ့လူအဖို့ တစ်ဖက်သားအပေါ် ပွင့်ပွင့်လင်းလင်း ဆက်ဆံဖို့ မလွယ်ပါဘူး။

နောက်ပိုင်းမှာ ကိုယ့်လျှို့ဝှက်ချက်နဲ့ကိုယ် မပျော်ရွှင်မှု ၊ အထီးကျန်ခြင်း ၊ စိတ်ပင်ပန်းပြီး နာကျင်ကြေကွဲရုံပဲ ရှိပါတယ်။

(၂) မယုံကြည်မှုတွေ ပေါ်ပေါက်လာနိုင်တယ်

ယုံကြည်မှုမရှိတော့ရင် ရှေ့လျှောက်လက်တွဲမယ့်အရေးဟာ ချောမွေ့စရာအကြောင်း မရှိတတ်ပါဘူး။ ကိုယ့်ကို ယုံကြည်စေချင်ရင် ကိုယ်က ယုံကြည်ထိုက်တဲ့သူဖြစ်ပါတယ်လို့ သက်သေပြနိုင်ဖို့ လိုပါတယ်။ လျှို့ဝှက်ချက်တိုင်းက သေရာပါသွားတာမျိုး မဟုတ်ပါဘူး။

တစ်ချိန်မဟုတ် တစ်ချိန် ပေါ်ပေါက်လာတတ်ပါတယ်။ ကိုယ့်လျှို့ဝှက်ချက်တွေထဲမှာ ကိုယ့်ချစ်သူနဲ့ဆိုင်တဲ့ အချက်တွေ ပါနေရင် အချိန်အခါကောင်းရွေးပြီး ပြောပြထားသင့်ပါတယ်။

(၃) လိမ်မိရင် မဆုံးတော့ဘူး

တစ်ခါ လိမ်ညာပြီးရင် တစ်သက်လုံး ညာလို့ မဆုံးတော့ပါဘူး။ ကိုယ့်ရဲ့ လျှို့ဝှက်ချက်ကို ချစ်သူမသိအောင် လိမ်ထားမိရင် အဲ့ဒီအလိမ်ထုတ်ကြီးကို သပ်ရပ်အောင် လုပ်ကြံဇာတ်တွေပဲ အမြဲခင်းနေရတော့မှာပါ။ ဒါကြောင့် ကိုယ့်အလိမ်နဲ့ကိုယ်ပတ်နေမှာထက် ကိစ္စတွေကို ကြိုရှင်းထားတာ ကောင်းပါတယ်။

အခုလို ပြောလို့ ကိုယ့်မှာ ရှိသမျှ လျှို့ဝှက်ချက်တိုင်း ချပြနေစရာတော့ မလိုပါဘူး။ ဖွင့်ပြောသင့်တဲ့ ကိစ္စတွေဆို လျှို့ဝှက်မထားပါနဲ့။ ဒီလိုပါပဲ။ ဖွင့်ပြောစရာမလိုတဲ့ အရာတွေကိုတော့ လျှို့ဝှက်ထားလို့ ရပါတယ်။