မင်္ဂလာပါ ပျိုမေတို့ရေ။ မိတ်ကပ်လိမ်းတဲ့အခါ မသန့်တဲ့ မိတ်ကပ် Brush တွေ သုံးမိတာကလည်း မျက်နှာအသားအရေကို ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်ပါတယ်နော်။ ဒါကြောင့်မို့ Brush တွေကို တစ်ပတ်တစ်ခါလောက် ပုံမှန်သန့်စင်ပေးတာအကောင်းဆုံးပါပဲ။ မဆေးကြောဘဲ ထားမယ်ဆိုရင် Brush မှာကပ်နေတဲ့ အဆီနဲ့ ဘက်တီးရီးယားတွေ ချွေးပေါက်ထဲပိတ်ရာကတစ်ဆင့် ဝက်ခြံထွက်တာ၊ အမဲစက်နဲ့ အရေးအကြောင်းထွက်တာအပြင် အခန့်မသင့်ရင် အရေပြားနဲ့ဆိုင်တဲ့ ကူးစက်ရောဂါတွေအထိ ဆိုးကျိုးဖြစ်တတ်ပါတယ်။ မိတ်ကပ်လိမ်းလိုက်တိုင်းလည်း မျက်နှာနဲ့တစ်သားထဲမဖြစ်ဘဲ ကြည့်ရဆိုးစေမှာပါ။


ဒီလိုမဖြစ်ရအောင် မိတ်ကပ် Brush တွေကို နည်းလမ်းမှန်မှန်နဲ့ မကြာခဏသန့်စင်နိုင်မယ့် နည်းလမ်းလေးကို ဖော်ပြပေးချင်ပါတယ်။ သင်က နေ့တိုင်းနီးပါး မိတ်ကပ်လိမ်းနေရတဲ့သူဆိုရင် ဖော်ပြထားတဲ့အဆင့်တွေအတိုင်း မိတ်ကပ် Brush တွေကို ပုံမှန်လေးသန့်စင်ပေးဖို့ မမေ့ပါနဲ့နော်။

ပထမဆုံး Brush ဆေးဖို့ Shampoo (သို့) ဆပ်ပြာ လိုပါမယ်။ Brush ပွတ်ဆေးလို့ရမယ့် စီလီကွန် Cleaning Mat တစ်ခုကိုပါ ဆောင်ထားပါ။


Cleaning Mat ကို ရေစွတ်ကာ ဆပ်ပြာအစက်အနည်းငယ်ထည့်ပြီး အမြုပ်ထွက်အောင် ပွတ်ထားပါ။ မိတ်ကပ် Brush တွေကိုတော့ ရေနွေးနွေးလေးနဲ့ ရေစွတ်ထားပါမယ်။ ပြီးနောက် Brush အမျှင်လေးတွေကို Mat ပေါ်မှာ စက်ဝိုင်းပုံလှည့်ပြီး ပွတ်ပေးပါနော်။


တကယ်လို့ ပျိုမေတို့မှာ Cleaning Mat မရှိဘူးဆိုရင် ခွက်တစ်ခွက်ထဲ ရေနွေးနဲ့ ဆပ်ပြာအနည်းငယ်ထည့်ကာ အမြုပ်ထွက်အောင် ခလောက်ပြီး Brush ကိုနှစ်ကာ လှည့်ပေးနိုင်ပါတယ်။


Brush တွေ သန့်သွားတဲ့အနေအထားရောက်တဲ့အခါ ဆပ်ပြာပြန်ဆေးချဖို့အတွက် ရေကျနေတဲ့ အောက်မှာထားပေးပါမယ်။ ဆပ်ပြာစင်ပြီး ရေတွေကြည်သွားတဲ့အထိ ဆေးကြောပေးပါ။ ဆပ်ပြာစင်သွားပြီဆိုရင် Brush ကိုအရည်နည်းနည်းညှစ်ပေးလိုက်ပါမယ်။

ရေစိုနေတဲ့ Brush တွေကို ပုဝါအသန့်တစ်ခုပေါ်တင်ပြီး အပေါ်ကနေ တစ်ရှူးအသန့်နဲ့ ရေစုတ်ပေးပါ။ အလုံးစုံခြောက်ဖို့ နေထိုးပြီး လေရတဲ့ နေရာမှာထားကာ သဘာဝအတိုင်း အခြောက်ခံပေးထားနိုင်ပါတယ်။ ရေခြောက်သွားတဲ့အခါ ပြန်သိမ်းထားပေးပါ။

Photo Source: Pinterest

By MyStyle Myanmar