မြန်မာနိုင်ငံက မိဘတွေဟာ ကလေးတွေကို ပြောဆိုဆုံးမတဲ့နေရာမှာ လွဲမှားနေတဲ့အယူအဆတွေရှိနေပါတယ်။ မိသားစု ၅ စု မှာ တစုလောက်ကသာ စည်းကမ်းတကျနဲ့နည်းလမ်းမှန်မှန် ဆုံးမနေတာကိုလည်းတွေ့ရပါတယ်။ ကလေးတယောက်ကို နည်းလမ်းမှန်မှန်နဲ့ ပြောဆိုဆုံးမဖို့ဟာ အရမ်းအရေးကြီးပါတယ်။ ဆုံးမနည်းတွေ မမှန်ခဲ့ရင် ဥပမာကိုရိုက်နှက်ဆုံးမတာဟာ ကလေးတွေကို စိတ်ဒဏ်ရာတွေဖြစ်တာ ရုပ်ရင်းကြမ်းတမ်းလာတာတွေ ဖြစ်စေတတ်ပါတယ်။ ခု ကလေးတွေကို ရိုက်နှက်ဆုံးမရင် ဖြစ်လာမဲ့အကျိုးဆက်လေးတွေကိုပြောပြပေးသွားမှာပါ။

ရိုက်နှက်တာဟာ အလုပ်မဖြစ်ဘူး

ဟုတ်ပါတယ်။ ကလေးတယောက်အမှားလုပ်မိရင် ရိုက်နှက်ပြီး ဆုံးမတာက အလုပ်မဖြစ်ပါဘူး။ လေ့လာသူတွေကတော့ ဒီလိုအကြမ်းဖက်မှုတွေဟာ ကလေးတယောက်ကို စည်းကမ်းရှိလာအောင် သွန်သင်ဖို့ အလှမ်းဝေးသွားစေတယ်လို့ ပြောထားပါတယ်။

ကလေးတွေအမှားလုပ်မိတဲ့အခါမှာ မိဘတွေက ဒီလုပ်ရပ်တွေကမှားကြောင်း ရှင်းပြတတ်ရပါ့မယ်။ ပြီးတော့ နောက်ထပ်ဒီလိုအမှားမျိုးမကျူးလွန်အောင် ပြောဆိုဆုံးမရပါ့မယ်။ ကလေးတယောက်ကို အကြမ်းဖက်ဆုံးမတာက ရေရှည်အတွက် အသုံးမဝင်တာသိထားဖို့လိုအပ်ပါတယ်။

အရွယ်ရောက်လာရင် ကြမ်းတမ်းလာမယ်

ကလေးဘဝ တလျှောက်လုံး ရိုက်နှက်ဆုံးမခံလာရတဲ့ကလေးဟာ ကြီးလာတဲ့အခါမှာ သူတို့ရဲ့မိဘတွေနဲ့ ကလေးတွေအပေါ် ပိုပြီးအကြမ်းဖက်နည်းတွေသုံးလေ့ရှိပါတယ်။ ပြီးတော့ သူတို့ဟာ ဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်တွေ လုပ်နိုင်ခြေပိုများပါတယ်။

မိဘတွေရဲ့စကားလုံးတွေဟာ ကလေးတွေအပေါ် အများကြီးသက်ရောက်မှုရှိပါတယ်။ ရန်ဖြစ်တဲ့အချိန် လက်ပါတတ်တဲ့ မိဘတွေရဲ့ကလေးတွေဟာ သူတို့မိဘတွေ လုပ်တဲ့အတိုင်း အတုယူတတ်ကြပါတယ်။ ဒါကြောင့် အနောက်နိုင်ငံတွေက မိဘတွေဟာ ကလေးတွေရှေ့မှာစကားများ ရန်ဖြစ်လေ့မရှိကြတာပါ။

ကလေးတွေ စိတ်ကျဝေဒနာခံစားရနိုင်တယ်

တကယ်လို့ သင့်ရဲ့အမေ သင့်ကိုရိုက်မယ်ဆိုရင် သင်ဘယ်လိုထင်မလဲ။သင့်ကို ချစ်သေးတယ်လို့ထင်အုံးမှာလာ။ ကလေးတွေမှာလည်း ဒီလိုပါပဲ။ သူတို့ကို မိဘတွေက ရိုက်နှက်ဆုံးမပြီဆိုရင် ငါ့မိဘတွေ ငါ့ကို ချစ်မှချစ်သေးရဲ့လားဆိုပြီး သံသယဝင်သွားစေပါတယ်။

ဒီလိုမိဘတွေနဲ့ တသက်လုံးနေလာရတဲ့ ကလေးတွေမှာ စိတ်ကျဝေဒနာတွေ ခံစားနေရတာကို လေ့လာသူတွေက သုသေတနပြုထားတာပါ။ ပြီးတော့ လူမှုဆက်ဆံရေးတွေအပေါ်မှာလည်း အများကြီးသက်ရောက်မှုရှိစေပါတယ်။