အားလုံးပဲ မင်္ဂလာပါ။ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိဖို့အတွက် နေ့စဉ်မှန်မှန် ရေချိုးပေးဖို့ လိုအပ်ပါတယ်နော်။ မွေးကင်းစ ကလေးဘဝကတည်းက ပြုလုပ်လာခဲ့တဲ့ အလေ့အကျင့်တစ်ခုဖြစ်ပြီး နေဝင်နေထွက် ဦးစွာပြုလုပ်တာကတော့ ကိုယ့်ရဲ့တစ်ကိုယ်ရည်သန့်ရှင်းရေးပါပဲ။

အခုခေတ်မှာ အမျိုးသားရော အမျိုးသမီးပါ ဂရုစိုက်နေကြတဲ့ အသားအရေထိန်းသိမ်းခြင်းနဲ့ပတ်သက်လို့ ရေချိုးတဲ့အခါမှာလည်း သတိထားရမှာတွေ ရှိပါတယ်။ ဘယ်လိုတွေကိုရှောင်ရမယ်၊ ဘယ်လိုအခြေအနေတွေကို လုပ်ပေးဖို့လိုတယ်ဆိုတာကို သေချာမသိဘူးဆိုရင်တော့ ကိုယ့်ရဲ့အသားအရေကို အန္တရာယ်ဖြစ်စေတာဟာ ကိုယ်ပဲဖြစ်သွားပါလိမ့်မယ်။

ကဲ…ဒါဆိုရင် ရေချိုးနေချိန်အတွင်းမှာ ဘယ်လိုအမှားတွေကို ပြုလုပ်မိခြင်းကနေ ရှောင်ရမလဲဆိုတာကို ဗဟုသုတ အနေနဲ့ ဖတ်ကြည့်လိုက်ရအောင်ပါ။

ဆပ်ပြာအလွန်အကျွံသုံးခြင်း

ဆပ်ပြာတုံးသုံးတာ၊ ရေချိုးဆပ်ပြာရည်တွေ အလွန်အကျူး အသုံးပြုမိခြင်းဟာ အသားအရေပေါ်က သဘာဝအဆီတွေကို ပွတ်တိုက်ဖယ်ရှားပစ်သလို ဖြစ်စေနိုင်တာကြောင့် ကိုယ်ခန္ဓာအနှံ့ သန့်ရှင်းနိုင်ဖို့ လုံလောက်တဲ့ ပမာဏအသင့်အတင့်ကိုသာ အသုံးပြုပေးပါ။

နေ့တိုင်းခေါင်းလျှော်ခြင်း

ခေါင်းလေးလျှော်ပြီး ရေအေးလေးနဲ့ လောင်းချလိုက်တာက နေလို့အလွန်ကောင်းတယ်ဆိုပေမယ့်လည်း နေ့စဉ်လုပ်သင့်တဲ့ အရာမဟုတ်ပါဘူး။ ခေါင်းလျှော်ရည်ဆိုတာဟာ ဆံကေသာတွေမှာ စုဝေးနေတဲ့ အဆီတွေကိုလျှော်ချပစ်ဖို့ ထုတ်လုပ်ထားတာကြောင့် နေ့စဉ်အသုံးပြုမယ်ဆိုပါက ဆံပင်သားတွေ မြန်မြန်ခြောက်သွေ့စေပြီး ကျိုးကြေလွယ်လာစေနိုင်ပါတယ်။

လိုတာထက်ပိုပြီး ချေးချွတ်ခြင်း

အချို့လူအများစုဟာ နေ့စဉ်နေ့တိုင်း မျက်နှာ သို့မဟုတ် ခန္ဓာကိုယ်ကို ချေးချွတ်လေ့ရှိကြပါတယ်။ ချေးချွတ်တာဟာ အပြင်ဖက်က ကပ်ညိလာတဲ့ အညစ်အကြေးတွေကို ဖယ်ရှားတာဆိုပေမယ့်လည်း ဝက်ခြံတွေနဲ့ အသားအရေခြောက်သွေ့တာမဖြစ်ရအောင် တိုက်ထုတ်ပေးတဲ့ ဘက်တီးရီးယားကောင်းတွေကိုပါ အသားအရေပေါ်က ခြစ်ထုတ်လိုက်သလိုဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်လျှင် သုံးကြိမ်လောက်သာ ချွေးချွတ်တာကို ပြုလုပ်ပါ။

ရေအေးနဲ့ ရေမချိုးခြင်း

ရေခဲရေလို အေးစက်နေတဲ့ ရေနဲ့ချိုးခိုင်းတာမဟုတ်ဘဲ ရေပူနဲ့ချိုးမယ်ဆိုပါကလည်း ရေချိုးခန်းထဲကမထွက်ခင် နောက်ဆုံးရေအေးတစ်ခွက်လောင်းပြီး အဆုံးသတ်ဖို့ အကြံပြုနေတာပါ။ ရေအေးအသုံးပြုခြင်းဟာ ချွေးပေါက်တွေကို ကျဉ်းစေပြီး အညစ်အကြေးတွေ စုဝေးနေခြင်းမှ ကာကွယ်ပေးပါတယ်။ အသားအရေကိုလည်း ပိုပြီးတောက်ပတဲ့အသွင်ဖြစ်စေကာ စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေပါတယ်။

ခြေထောက်ကို ဂရုတစိုက်မရှိခြင်း

အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေထက် ချွေးထွက်လွယ်ပြီး အနံ့ဆိုးစေတဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားတတ်တဲ့ ခြေထောက်ကို ရေချိုးနေစဉ်အတွင်းမှာ ချေးတိုက်မပေးဘူးဆိုရင်တော့ ရောဂါပိုးမွှားတွေ ကပ်ညိလာနိုင်ပါတယ်။ ဒါကြောင့် ခြေချောင်းလေးတွေကြားကိုပါ သေချာပွတ်တိုက်ပြီး သန့်ရှင်းပေးပါ။