ရည်းစားတွေမဖြစ်ခင်ထဲက သူ့ဖြစ်တည်မှုကို လက်ခံနိုင်လို့၊ ချစ်လို့တွဲခဲ့ပြီး ရည်းစားတွေဖြစ်သွားမှ လက်မခံနိုင်ပါဘူးဆိုပြီး တစ်ခုချင်းစီ လိုက်ပြင် ခိုင်းတာ၊ တစ်ခုချင်းစီပုံသွင်းယူတာမျိုးက မဖြစ်သင့်ပါဘူး။ တချို့အရာတွေကိုတော့ လိုက်ပြောပြီးပြင်ခိုင်းလို့ရပေမယ့် တစ်ခုပြီး တစ်ခုဖြစ်လာပြီ ဆိုရင်တော့ တစ်ဖက်လူကလည်း မွန်းကျပ်ပြီး စိတ်ညစ်လာပါလိမ့်မယ်။ သည်းမခံနိုင်တော့တဲ့အခါမှာတော့ သင်နဲ့လမ်းခွဲသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်လက်ခံနိုင်လို့ ချစ်လို့တွဲခဲ့ပြီးမှ မချုပ်ချယ်သင့်တော့တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။

သူ့အလှအပနဲ့ပတ်သက်ပြီး မပြောပါနဲ့။ ဥပမာ ဝနေလို့ ဝိတ်လျော့ခိုင်းတာမျိုး၊ စတွဲတုန်းကလည်း ဒီပုံစံပဲ အခုမှဒီပုံစံကိုမကြိုက်ပါဘူးဆိုပြီး ပြင်ခိုင်းတာမျိုးတွေ မလုပ်ပါနဲ့။ Body Shaming မလုပ်ပါနဲ့။

ကိုယ့်ရည်းစားကိုသဝန်တိုလို့ လိုက်ချုပ်ချယ်တာ၊ လိုက်ပြောတာမှန်ပေမယ့် အလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ အရမ်းသဝန်တာမျိုးတော့ မလုပ်ပါနဲ့။ အလုပ်ကလူတွေနဲ့ သဝန်တိုပြီး လိုက်ပြောတာမျိုး မလုပ်ပါနဲ့။ သူငယ်ချင်းအပေါင်းအသင်းနဲ့ ပတ်သက်ပြီးတော့လည်း ဟိုလူနဲ့မပေါင်းနဲ့၊ ဒီလူနဲ့မပေါင်းနဲ့ လိုက်မပြောသင့်ပါဘူး။ မကောင်းတဲ့သူမို့ မပေါင်းခိုင်းတာမျိုးက ကိစ္စမရှိပေမယ့် အရင်ထဲကပေါင်းလာတဲ့သူတွေကို ကိုယ့်ဘက်ကမကြိုက်တာ၊ သဘောမကျတာလေးတစ်ခုနဲ့တော့ လိုက်မချုပ်ချယ်သင့်ပါဘူး။

ကိုယ့်ချစ်သူကိုချစ်လို့ စိတ်မချနိုင်တာမှန်ပေမယ့်လည်း နေရာတကာ ဘယ်သွားသွား၊ ဘာလုပ်လုပ် သင့်ကိုခေါ်သွားခိုင်းတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ ကိုယ့်ချစ်သူအပေါ်မှာ ယုံကြည်မှုထားပေးပြီး လေးစားမှုထားပေးဖို့လိုပါတယ်။ ဒါမှလည်း နှစ်ယောက်လုံးရဲ့ အချစ်ရေးက ရေရှည်မှာ အဆင်ပြေမှာပါ။

သူ့ရဲ့ကိုယ်ပိုင်အချိန်တွေကို လိုက်မစိုးမိုးပါနဲ့။ သင့်အတွက်လည်း အချိန်ပေးနေရက်နဲ့ သူ့ရဲ့ ကိုယ်ပိုင်အချိန်တွေကိုတော့ လွတ်လပ်ခွင့်ပေးလိုက်ပါ။ သင့်ကိုအချိန်မပေးမိပဲ မိသားစုကို အချိန်ပေးမိတဲ့အခါမျိုးမှာလည်း နားလည်ပေးလိုက်ပါ။ ဒါတွေအထိပါ လိုက်ပြောမယ်ဆိုရင်တော့ ကြာလာရင် စိတ်ပျက်သွားနိုင်ပါတယ်။