ဝမ်းဗိုက်က အဆီတွေကြောင့် စိတ်ညစ်နေပါသလား။ အချိန်တိုတွင်းမှာ ဝမ်းဗိုက်အဆီတွေကို ဖယ်ရှားနိုင်ဖို့ဆိုရင် အစားအသောက်ထိန်းခြင်းနှင့် လေ့ကျင့်ခန်းကို နေ့စဉ်ပုံမှန် စိတ်ရှည်ရှည်ခြင်း မဖြစ်မနေလုပ်ဆောင်ရမယ့် အခြေခံကျတဲ့ အဆင့်တွေဖြစ်ပါတယ်။ ဒီတစ်ခေါက်မျှဝေပေးချင်တဲ့ အကြောင်းအရာလေးကတော့ ဝမ်းဗိုက်အဆီကျဖို့အတွက် အဓိကကျတဲ့အစားအသောက်ပိုင်းမှာ စားပေးသင့်တဲ့ ဟင်းသီးဟင်းရွက်တွေ အကြောင်းပါ။ ဒီဟင်းသီးဟင်းရွက်တွေက ဝမ်းဗိုက်တဝိုက်ကအဆီတွေကို လောင်ကျွမ်းစေရာမှာ ကူညီပေးနိုင်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ဖတ်ကြည့်လိုက်ရအောင်။

(၁) ဟင်းနုနွယ်

Photo: Healthline

ဟင်းနုနွယ်အပါအဝင် ကိုက်လန် ၊ ဆလက်ရွက် ကဲ့သိုသော အစိမ်းရောင်ဟင်းရွက်တွေမှာ အာဟာရဓာတ်များကြွယ်ဝစွာပါဝင်ပြီး ကျန်းမာရေးနှင့်အညီညွတ်ဆုံးသော အစားအစာတွေအဖြစ်သတ်မှတ်ခြင်းခံထားရတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်ပါတယ်။ ဟင်းနုနွယ်မှာ ဗီတာမင် A ၊ ဗီတာမင် C နဲ့ အမျှင်ဓာတ်များ များစွာပါဝင်တာကြောင့် ဝမ်းဗိုက်အဆီလောင်ကျွမ်းရာမှာ ကူညီပေးနိုင်ပါတယ်။ ဗိုက်အဆီကျချင်တယ်ဆိုရင် ဟင်းနုနွယ်ရွက်ကို မနက်စာနဲ့ နေ့လည်စာတွေမှာ ထည့်သွင်းစားသုံးပေးဖို့ အကြံပြုချင်ပါတယ်။

(၂) ပန်းဂေါ်ဖီစိမ်း

Photo: USDA

ဝိတ်ချသူတော်တော်များများစားကြတဲ့ ဘရိုကိုလီခေါ် ပန်းဂေါ်ဖီစိမ်းတွေမှာ အမျှင်ဓာတ် ၊ ဓာတ်သတ္တုများ ၊ ဖော်လိတ် နဲ့ ဗီတာမင်ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အပြင် ခန္ဓာကိုယ်ရှိ အဆီများဆုံးရှုံးမှုနှုန်းကို တိုးမြှင့်ပေးတဲ့ phytochemicals ဒြပ်ပေါင်းများလည်းပါဝင်ပါတယ်။ ဒါကြောင့် ပန်းဂေါ်ဖီစိမ်းကိုစားသုံးပေးမယ်ဆိုရင် ဝမ်းဗိုက်တဝိုက်ကအဆီတွေ ကျဆင်းစေရုံသာမက သင့်ခန္ဓာကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့အဆီပိုတွေကိုပါ လျော့ချပေးနိုင်မှာဖြစ်ပါတယ်။

(၃) ငရုတ်သီးစိမ်း

Photo: Pinkvilla

ခန္ဓာကိုယ်အဆီတွေနဲ့ ကယ်လိုရီများများလောင်ကျွမ်းစေခြင်းအတွက် နာမည်ကျော်တဲ့ နောက်ထပ်ဟင်းသီးဟင်းရွက်တစ်မျိုးကတော့ ငရုတ်သီးစိမ်းဖြစ်ပါတယ်။ ငရုတ်သီးစိမ်းတွေမှာပါဝင်တဲ့ capsaicin ဓာတ်က ခန္ဓာကိုယ်ရှိအဆီပိုတွေလောင်ကျွမ်းခြင်းအတွက် တုန့်ပြန်မှုကောင်းကောင်းပေးနိုင်တာကြောင့် ဝမ်းဗိုက်တဝိုက်က အဆီတွေကို ဖယ်ရှားရာမှာ အထောက်အပံ့ဖြစ်စေမှာပဲ ဖြစ်ပါတယ်။ ငရုတ်သီးအမျိုးအစားအားလုံးမှာ capsaicin ပါဝင်တာကြောင့် မိမိစားနိုင်တဲ့ အစပ်ပမာဏပေါ်မူတည်ပြီး စိတ်ကြိုက်ရွေးချယ်စားနိုင်ပါတယ်။

(၄) သခွားသီး

Photo: Times of India

သခွားသီးဟာ ခန္ဓာကိုယ်တွင်းရှိ အညစ်အကြေးနဲ့ အဆိပ်အတောက်များကို ဖယ်ရှားရှင်းလင်းပေးပြီး ကိုယ်တွင်းအင်္ဂါများရဲ့လုပ်ဆောင်တွေကို ပိုမိုကောင်းမွန်စေဖို့ ကူညီပေးပါတယ်။ ရေဓာတ်နှင့် အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်တာကြောင့်လည်း အဆီကျလိုသူအများစုကတော့ သခွားသီးကိုဖျော်ရည်အဖြစ် သောက်သုံးပေးနိုင်ပါတယ်။ သခွားသီးမှာ ကယ်လိုရီပါဝင်မှုအရမ်းကိုနည်းတာကြောင့် ကျန်းမာရေးနှင့် ညီညွတ်တဲ့ သရေစာအဖြစ်လည်း စားသုံးပေးလို့ရပါတယ်။