ဒီနေ့တော့ MyStyle ပရိတ်သတ်တွေထဲမှာ အချစ်နဲ့ပတ်သက်ပြီး တစ်စုံတစ်ယောက်ကို မေ့ပစ်ဖို့ခက်ခဲနေတဲ့သူတွေရှိပါသလား? မေ့ပစ်လိုက်စမ်းပါဆိုတဲ့ စကားက အပြောလွယ်သလောက် တကယ့်လက်တွေ့လုပ်ဖို့က ခက်ခဲပင်ပန်းလှပါတယ်နော်။ တစ်ခါတစ်လေမှာ ကိုယ့်က ဘယ်လောက်ပဲ ချစ်ချစ် ဘယ်လောက်ပဲနားလည်ပေးပေး ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့တဲ့ ဇာတ်လမ်းတစ်ချို့လည်း ရှိတတ်ပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်ဘက်ကနေ အတင်းဆွဲထားမိရင်တော့ ကိုယ်ကိုယ်တိုင်ပဲ ထိခိုက်နာကျင်ရပြီး ပိုပင်ပန်းရပါတယ်နော်။ ဒီတော့ မချစ်သင့်တော့တဲ့ သူတစ်ယောက်ကို ကြိုးစားပြီး ဒီလိုလေး အမြန်ဆုံး မေ့ပစ်လိုက်ပါနော်။

နာကျင်ခံစားလိုက်ပါ

ကိုယ်သိပ်ချစ်ရတဲ့ သူတစ်ယောက်နဲ့ လမ်းခွဲတဲ့ခါ ဘယ်သူမဆို နာကျင်ခံစားရတတ်တာပါပဲ။ ဒီခံစားချက်ကို မြိုသိပ်ဖုံးကွယ်ထားစရာ မလိုပါဘူး။ ကိုယ့်အချစ်တွေအတွက် ဒီလောက်တော့ ခံစားလိုက်ပါ။ စိတ်ကြိုက်ငိုပစ်လိုက်တာ၊ တစ်ယောက်တည်း ဝမ်းနည်းနာကျင်နေတာတွေ စိတ်ကြိုက်ခံစားပစ်လိုက်ပါ။ ဒါပေမယ့် ဒါက အချိန်တစ်ခုလောက်ပဲခံစားပြီး မေ့ပစ်ဖို့ စတင်ကြိုးစားလိုက်ပါ။ အချိန်အတိုင်းအတာတစ်ခုအထိ ခံစားချက်တွေ အကုန်တဝကြီး ခံစားပြီးသွားရင်တော့ ဒါတွေကို မေ့ပစ်ဖို့ လုံလောက်နေပါပြီ။

တခြားအရာတွေပေါ်မှာ စိတ်နှစ်ထားပါ

အသည်းကွဲလို့ဝပြီဆိုရင်တော့ ကိုယ့်စိတ်ကို ကုသဖို့ လိုပါပြီနော်။ ဒီတော့ ကိုယ့်စိတ်ကို သူ့ဆီမှာပဲ မရောက်နေအောင် စိတ်အပြောင်းအလဲဖြစ်မယ့် တစ်ခုခုလုပ်ဆောင်ပါ။ ဥပမာ- စာဖတ်တာတွေ၊ သူငယ်ချင်းတွေနဲ့ရုပ်ရှင်သွားကြည့်တာမျိုး၊ လေ့ကျင့်ခန်းလုပ်တာ၊ ဝါသနာပါတဲ့ သင်တန်းတစ်ခုခု တက်တာတွေကို လုပ်ပါ။ ဒါတွေက သူ့ကိုတဖြည်းဖြည်းမေ့နိုင်ဖို့အတွက် တကယ့်ကို အဆင်ပြေစေမယ့် နည်းလမ်းလေးပဲ ဖြစ်ပါတယ်နော်။

ခရီးထွက်ပါ

ဝမ်းနည်းကြေကွဲနေတဲ့အချိန်မှာ တယောက်တည်းနေပြီး အဲဒီခံစားချက်တွေထဲမှာပဲ ပိတ်လှောင်ခံစားမနေပါနဲ့။ ခရီးတစ်ခုထွက်လိုက်တာတို့ ကိုယ်မရောက်ဖူးတဲ့နေရာကို သူငယ်ချင်းတွေနဲ့အတူတူသွားလည်တာမျိုးတွေလုပ်ပေးပါ။ အဲ့ဒါက စိတ်အပြောင်းအလဲတွေဖြစ်စေပြီး ကိုယ့်ကိုယ် အသစ်ကနေ ပြန်စဖို့ အကောင်းဆုံး ဖြစ်သလို၊ စိတ်ဓာတ်ခွန်အားတွေလည်းပေးပါတယ်နော်။ နေရာဒေသအသစ်မှာ အသစ်အဆန်းလေးတွေကို လေ့လာရင်း၊ အနားယူအပန်းဖြေရင်း ရှေ့ဆက်ရမယ့် ကိုယ့်အနာဂတ်အတွက် အားအင်သစ်တွေ ရရှိစေမှာပါနော်။ ဒီတော့ အသည်းကွဲရင် ခရီးသွားတာက စိတ်ထွက်ပေါက်တစ်ခုပါပဲနော်။

သူနဲ့ပတ်သက်တာမှန်သမျှအကုန်ဖျက်ပစ်ပါ

ကိုယ့်ရဲ့စိတ်က အတော်လေးနေသားကျလာပြီဆိုရင်တော့ သူနဲ့ ပတ်သက်သမျှတွေကို မေ့ဖျောက်ဖို့ အချိန်တန်လာပါပြီဖြစ်တဲ့အတွက် သွားခဲ့ဖူးတဲ့ နေရာတွေက သူ့ပုံရိပ်တွေ၊ အမှတ်တရတွေ အသေးအမွှားလေးတွေကအစ အားလုံးကို ခေါင်းထဲကနေ ရအောင် ဖျောက်ပစ်လိုက်ပါ။ သူနဲ့ ပတ်သက်ခဲ့ဖူးသမျှကို နာကျင်ခံစားမှု တစ်ခုအဖြစ်နဲ့ မဟုတ်ပဲ ချစ်ခြင်းမုန်းခြင်းတွေမပါပဲ ဒီအတိုင်းလေးပဲ အမှတ်ရနေလို့တော့ ဖြစ်ပါတယ်။ ဒါပေမယ့် အကုန်မေ့ဖျောက်လိုက်တာကတော့ အကောင်းဆုံးပါပဲ။ နောက်ပြီး Facebookပေါ်မှာ သူ့wallထဲဝင်ကြည့်နေတာမျိုး သူ့အကြောင်းတွေကို သူငယ်ချင်းတွေကိုလိုက်မေးနေတာမျိုးတွေကို မလုပ်ပါနဲ့တော့။ အားလုံးပြီးဆုံးသွားပြီဖြစ်လို့ သူနဲ့ပတ်သက်သမျှ ဘာဆိုဘာမှ စိတ်ဝင်စားနေစရာကို မလိုတော့တဲ့အတွက် သူ့အတွက်အချိန်တွေ အကုန်မခံပါနဲ့တော့။
ကဲ.. ဒီနည်းလမ်းလေးတွေက တစ်စုံတစ်ယောက်ကို အမြန်ဆုံး မေ့ပစ်နိုင်ဖို့ အကူအညီဖြစ်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်နော်။