ပူလွန်းတဲ့ အချိန်ကာလကို ဖြတ်သန်းနေရတဲ့ ပျိုမေတို့ အဖို့ ကိုယ့်ထက် ဆံပင်တိုတဲ့ မိန်းကလေးတွေ၊ ဆံပင်တိုနဲ့ လှနေတဲ့ ပျိုမေတို့ရဲ့ ပုံရိပ်တွေကို ကြည့်ပြီး အားကျဖူးမှာပါ။ ဒီလိုအားကျပြီး သင်ကိုယ်တိုင် ဆံပင်ညှပ်ပစ်ချင်စိတ်တွေ တဖွားဖွားပေါက်နိုင်ပါတယ်။ တကယ်လို့ ညှပ်ချလိုက်ပြီဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါ။ ဒီတစ်ခေါက်မှာတော့ ဆံပင်တိုညှပ်ပြီးတဲ့ ပျိုမေတို့ စည်းနိုင်မယ့် ဆံပင်တို စတိုင် ခပ်မိုက်မိုက်လေးတွေကို ကြည့်လိုက်ရအောင်-
၁။ ကျစ်ဆံမြီးသေးသေးလေးတွေ လိုက်ကျစ်မယ်
သင်က ဆံပင်တိုလေးနဲ့ ညဘက် Night Out ထွက်မယ်ဆိုရင် ဆံပင်ကို အဆန်းလေး ဖြစ်အောင် ကျစ်ဆံမြီးသေးသေးလေးတွေ ကျစ်နိုင်ပါတယ်။
၂။ ရှေ့ဆံပင် အလယ်ခွဲစည်းမယ်
ဆံပင်အပေါ်ပိုင်း ဖောင်းဖောင်းလေး ဖြစ်ဖို့ အလယ်ခွဲကာ ခေါင်းစည်းကြိုးနဲ့ နှစ်ဘက် စည်းနိုင်ပါတယ်။ ဒီလို စည်းပြီးနောက် ကျစ်ဆံမြီး စကျစ်နိုင်ပါတယ်။
၃။ တစ်ဝက်စည်းမယ်
ဆံပင်တိုကို တစ်ဝက်စည်းတာက ပိုချစ်ဖို့ကောင်းစေပါတယ်။ ရှေ့ Bang လေးချပြီး စည်းပေးရင်တော့ ပိုထူးခြားစွာ ချစ်ဖို့ကောင်းပါလိမ့်မယ်။
၄။ တစ်ဝက်အမြင့်စည်း (ဆံပင်နဲ့ ပြန်စည်းမယ်)
သင်က ထူးထူးခြားခြား ဆံပင်တို စတိုင်လေး သဘောကျတယ်ဆိုရင် တစ်ဝက်ကို အမြင့်စည်းပြီးနောက် ဆံပင်နဲ့ပဲ ပြန်စည်းနိုင်ပါတယ်။
၅။ ဆံပင်အမြင့်စည်း
ဆံပင်အမြင့်စည်းကိုမှ ဆံပင်နဲ့ ပြန်စည်းတာမျိုး သဘောမကျရင် ပုံမှန် ဆံပင်စည်းတာနဲ့ပဲ ရိုးရိုးရှင်းရှင်း ဖန်တီးနိုင်ပါတယ်။
၆။ နှစ်ဘက်စည်း
ဆံပင်ကို နောက်ဘက်စည်းပြီးနောက် အမြင့်လေး ရအောင် ဖောင်းဖောင်းလေး စည်းနိုင်ပါတယ်။ စည်းပြီးနောက် ဆံပင်တိုကို ကောက်ကောက်လေး ဖြစ်အောင် ပုံသွင်းနိုင်ပါတယ်။ ဒီလိုဆိုရင် အားလုံး သဘောကျတဲ့ ဆံပင်တို စတိုင်လေးကို ပိုင်ဆိုင်စေပါလိမ့်မယ်။
၇။ Space Bun
ဆံပင်ကို နှစ်ဘက် အမြင့်စည်းပေးရပါမယ်။ စည်းပြီးနောက် တစ်ဘက်ဆီကို ဆံထုံး ပုံစံ ရအောင် ညီညီလေး ထုံးပေးရပါမယ်။ ရှေ့ဆံပင်ကိုပါ Bang ချနိုင်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar