အချစ်က ဆန်းကြယ်တယ်လို့ သီချင်းတွေမှာ ဆိုကြတယ်မလား။ တကယ်လည်း အချစ်က ဆန်းပြားတာပါပဲ။ ကိုယ်‌ပေးလိုက်တဲ့ အချစ်အတိုင်း တုံ့ပြန်မေတ္တာဆိုတာ ရချင်မှလည်း ရနိုင်ပါတယ်။ ဒါမျိုးကို တစ်ဖက်သတ်အချစ်လို့ ခေါ်ကြတာပါပဲ။

ကောင်လေးတွေအနေနဲ့ တစ်ဖက်သတ်အချစ်မျိုးနဲ့ ခရီးဆက်ရမလားဆိုတာကို သိချင်ရင် ကောင်မလေးက ဒီလိုဆက်ဆံသလားကြည့်ပါလို့ ပြောချင်ပါတယ်။

(၁) “အချစ်ရေးလား .. မစဉ်းစားချင်သေးပါဘူး”

တကယ်မစဉ်းစားချင်လို့လည်း ဖြစ်ချင်ဖြစ်မှာပါ။ တချို့ကတော့ ဒီစကားမျိုးဆို ကြိုးရှည်ရှည်နဲ့ လှန်ထားတဲ့စကားလို့ ကင်ပွန်းတပ်ကြပါတယ်။ တကယ်တော့ တခြားခြံထဲ လွှတ်ကျောင်းလိုက်တာလည်း ဖြစ်နိုင်ပါတယ်။

“အချစ်ရေးတော့ မစဉ်းစားသေးပါဘူး” ဆိုတာ ကျွန်မချစ်တာ ရှင်မဟုတ်ဘူးလို့ ဘာသာပြန်နိုင်ပါတယ်။ ဒီစကားနဲ့ စိတ်မကုန်တတ်သူတွေအဖို့တော့ ဆက်ပြီး မျှော်လင့်စောင့်စား ချစ်စကားဆိုရုံပဲ ရှိပါတယ်။

(၂) “သူငယ်ချင်းလိုပဲ နေချင်တယ်”

ဒီစကားက အာမခံသေတ္တာထဲမှာ ပိတ်ထည့်လိုက်တဲ့စကားပါ။ သူငယ်ချင်းဆိုတဲ့ အာမခံသေတ္တာကြီးဖြစ်ပြီး ဘယ်တော့မှ ထုတ်သုံးလို့မရအောင်ပါ သော့ခတ်သိမ်းဆည်းရတဲ့ ဇုန်လည်း ဖြစ်ပါတယ်။

သူငယ်ချင်းလို နေချင်တဲ့ မိန်းကလေးတစ်ယောက်ကို ချစ်သူအဖြစ် ကူးပြောင်းလာဖို့ မျှော်လင့်နေတာဟာ ရေတွင်းထဲက လကို ပုံးတပ်ပြီး ဆယ်ယူသူလို ပက်လက်လန်ကျသွားနိုင်ပါတယ်။ ဒါပေမယ့်လည်း တကယ်ချစ်ရင်တော့ ဇွဲကောင်းကောင်းနဲ့ ကြိုးစားပေါ့လို့ပဲ ပြောချင်ပါတယ်။

(၃) “ကျွန်မမှာ ချစ်သူရှိတယ်”

အချစ်ရေးမှာ လာဘ်ပိတ်တဲ့လူတွေကိုကြည့်ရင် ဒီစကားနဲ့ အငြင်းခံရတာ များပါတယ်။ တကယ်ပဲ ရည်ရွယ်ထားတဲ့လူ ရှိသလားဆိုတာကတော့ ကာယကံရှင်မှ သိမှာပါ။ သူ့ ကြိတ်ကြွေနေရတဲ့လူဆိုတာ တစ်ခြားကမ္ဘာက လူဖြစ်ရင်လည်း ဖြစ်နိုင်တာပါပဲ။ ဒီဘက်က အငြင်းခံရသူကတော့ ကမ္ဘာပျက်မတတ် ဖြစ်သွားလေ့ရှိပါတယ်။

(၄) “ဟင့်အင်း ပြီး ဟင့်အင်း”

ကောင်မလေးတွေ တည့်ငြင်းရဲတဲ့အခါ ပြောတတ်တဲ့ စကားရှိပါတယ်။ အဲ့ဒါက “ငါ နင့်ကို ချစ်လည်း မချစ်ဘူး။ စိတ်လည်း မဝင်စားဘူး။ ပြီးတော့ ရင်လည်းမခုန်ဘူး” ဆိုတဲ့ စကားပါပဲ။