စည်းကမ်းဟာ ကျွန်တော်တို့ဘဝရဲ့ အစိတ်အပိုင်းတိုင်းမှာ အရေးကြီးတဲ့ ပါဝင်ပစ္စည်းပါပဲ။ လူ့အသိုင်းအဝိုင်းထဲမှာ နေတာဖြစ်လို့ လူတွေ သတ်မှတ်ထားတဲ့ ဥပဒေကို လိုက်နာရပါတယ်။ အိမ်မှာ ကျောင်းမှာ အလုပ်မှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုလည်း ဖောက်ဖျက်ဖို့ မဖြစ်ပါဘူး။ နောက်ဆုံး Facebook သုံးရင်တောင် Facebook ရဲ့ လူမှုကွန်ရက် စံချိန်စံညွှန်းတွေ လိုက်နာရပါတယ်။ ဒီလို ပြင်ပစည်းမျဉ်းစည်းကမ်းတွေ အပြင် ကိုယ့်ဘာသာ စည်းကမ်းထားဖို့လည်း အရေးကြီးပါတယ်။ Self-Discipline ရှိခြင်းကြောင့် ကိုယ့်မှာ ရလာမယ့် အကျိုးတွေ အများကြီး ရှိပါတယ်။

Photo : Shutterstock

Self-Discipline ဆိုတာ Self-Control တစ်မျိုးပါပဲ။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ခြင်းဆိုတာ ကျန်းမာရေးအမြင်အရရော လူတစ်ယောက် တိုးတက်ဖွံ့ဖြိုးဖို့အတွက်ပါ အ‌ရေးကြီးတဲ့ အရည်အသွေးတစ်ခု ဖြစ်ပါတယ်။ Self-Control ကောင်းသူဟာ ကျန်းမာရေးအတွက် မကောင်းတာတွေ မလုပ်ဖြစ်အောင် ရှောင်ရှားပါတယ်။
ကျန်းမာရေးနဲ့ မညီတဲ့ အစားအစာတွေ မစားဖြစ်တော့ပါဘူး။

အရက်သေစာနဲ့ ဆေးလိပ်ကွမ်းယာ စတဲ့ ရောဂါသယ် စားသောက်ကုန်တွေနဲ့ စာရင်းပြတ် လမ်းခွဲထားလို့ ပိုပြီး ကျန်းမာလာပါတယ်။ စည်းကမ်းတစ်ခုကို ကိုယ်တိုင်ထားပြီး မဖောက်ဖျက်အောင် စောင့်ထိန်းခြင်းဟာ ဇွဲနဲ့ သံဓိဌာန်ကို ပိုမိုခိုင်မာလာစေနိုင်ပါတယ်။

Self-Discipline ဟာ အောင်မြင်မှုရဖို့ အရေးပါတဲ့ ပါဝင်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ အောင်မြင်ဖို့အတွက် ဇွဲသတ္တိလိုအပ်ပါတယ်။ အရှုံးတွေ ၊ အတားအဆီးတွေနဲ့ ကြုံလာတိုင်း လက်မလျှော့တဲ့ စိတ်မျိုး မွေးပြီးသားလည်း ဖြစ်စေပါတယ်။ ဒီအရည်အသွေးတွေဟာ ကိုယ့်ကိုယ်ကိုယ် စည်းထားပြီး ကိုယ့်ဥပ‌ဒေနဲ့ကိုယ်နေထိုင်သူတွေမှာ အခံ ရှိပြီးသားလို ဖြစ်စေမှာပါ။

Photo : Shutterstock

နောက်တစ်ချက်က စည်းကမ်းထားခြင်းဟာ ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင် ခံတပ်တစ်ခု တည်ဆောက်ပြီးနေထိုင်တာနဲ့ အတူတူပါပဲ။ စည်းကမ်းကြောင့် မဖြစ်သင့်တဲ့ ပြဿနာတွေ ရှောင်ပြီးသား ဖြစ်စေမှာပါ။ ဒါကြောင့်ပဲ ပြဿနာကင်းကင်းနဲ့ ဘဝကို ရိုးရိုးရှင်းရှင်း နေချင်သူတွေ အတွက် Self-Displine ဆိုတာ မရှိလို့ မဖြစ်လို့ပဲ ပြောချင်ပါတယ်။