သင်က ဖုန်းကို အကန့်အသတ်နဲ့ မသုံးဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ဖုန်းကို အချိန်အကြာကြီး ကြည့်မိတာကနေ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးမှုများတာ၊ အာရုံကြော ထိခိုက်တာတွေ ဖြစ်နိုင်ပါတယ်။ ဖုန်းမသုံးဘဲ တခြားလုပ်စရာ အများအပြားရှိပါတယ်။ ဖုန်းအသုံးပြုတာကို သိသိသာသာ လျှော့ချလိုက်တဲ့အချိန် သင့်စိတ်အပြောင်းအလဲ ဖြစ်သွားတာကို ကြုံဖူးမှာပါ။ ဒီတော့ ဖုန်းမသုံးဘဲ ပြုလုပ်နိုင်တဲ့ အရာတွေကို ကြည့်လိုက်ရအောင်နော်-

၁။ စက်ဘီးစီးတာ

စက်ဘီးစီးတာက အားကစားလုပ်ခြင်း အဓိပ္ပာယ် သက်ရောက်သလို ကိုယ့်စိတ်ကိုလည်း အပြောင်းအလဲ ဖြစ်စေပါတယ်။

၂။ စာဖတ်တာ

ဖုန်းက သီချင်း အေးအေးလေးတွေ ဖွင့်ထားပြီး စာဖတ်နိုင်ပါသေးတယ်။ စာအုပ်ဖတ်လိုက်တာက ကိုယ့်ကို အတွေးအမြင် အသစ်တွေပေးပြီး စိတ်ချမ်းသာစေမှာပါ။

၃။ ပုံဆွဲတာ

ရေဆေး၊ ရိုးရိုးခဲတံ၊ ဆီဆေး စတဲ့ ကိုယ်ဆွဲချင်တာ ဆွဲလို့ရပါတယ်။ ပန်းချီဆွဲတာက ဖုန်းကို လုံးဝ ကြည့်စရာမလိုတဲ့ ကိုယ့်ကို စိတ်ထွက်ပေါက်ပေးတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။

၄။ အသစ် တစ်ခုခု လုပ်တာ

ကိုယ်မလုပ်ဖူးတဲ့ ဟင်းတစ်မျိုးကို ချက်တာ၊ ကိုယ်မဝတ်ဖူးတဲ့ အဝတ်အစား၊ ဆံပင်ပုံစံ ပြောင်းလဲကြည့်တာတွေက ဖုန်းမလိုတဲ့ လုပ်ငန်းစဉ်တွေပဲ ဖြစ်ပါတယ်။

၅။ ဈေးဝယ်ထွက်တာ

စိတ်ထဲမှာ ဝယ်စရာ သီးသန့်မရှိဘဲ ဒီအတိုင်း ဈေးဝယ်ထွက်တာကလည်း ကိုယ့်စိတ်ကို အပြောင်းအလဲ ဖြစ်စေပါတယ်။

၆။ ကိုယ့်အခန်းကို ပြန်သန့်ရှင်းပါ

အခန်းသန့်ရှင်းရေး လုပ်တာက စိတ်ထဲက အရှုပ်ထုပ်တွေကို ရှင်းထုတ်ရာ ရောက်ပါတယ်။ ရှင်းသွားတဲ့အခါ ရလာတဲ့ ခံစားချက်ကို သင် ဘယ်အရာနဲ့မှ လဲနိုင်မှာ မဟုတ်ပါဘူး။

၇။ ယောဂ ကျင့်တာ၊ တရားထိုင်တာ

ကိုယ်စိတ်ပါတဲ့ လုပ်ငန်းတစ်ခုကို လုပ်နိုင်ပါတယ်။ ယောဂကျင့်တာ၊ တရားထိုင်တာ စတဲ့ အရာတွေက ကိုယ့်စိတ်ကို တည်ငြိမ်စေပြီး အာရုံစူးစိုက်မှု အားကောင်းစေပါတယ်။

အပေါ်မှာ ဖော်ပြထားတဲ့အရာတွေက ဖုန်းသုံးပြီး ရနိုင်တဲ့အရာတွေ မဟုတ်တာကြောင့် စမ်းလုပ်ကြည့်ပါလို့ တိုက်တွန်းပါရစေ။

Photo Source: Pinterest

By MyStyle Myanmar