မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်လေးတွေရေ… အခုလိုဆောင်းရာသီဝင်စအချိန် ရာသီအကူးအပြောင်းကာလမှာ အအေးမိ တုတ်ကွေးရာသီလည်းဖြစ်တဲ့အတွက် အထူးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်နော်။ ဖျားလာတဲ့အချိန် ကိုယ့်အနားမှာ တစ်ယောက်ယောက်ရှိမယ် သို့မဟုတ် မိသားစုရှိရင်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ဘဝက တစ်ခါတလေ ကိုယ့်ကိုကိုယ်အားကိုးတတ်ဖို့ သင်ပေးတတ်ပါတယ်။

သင်ဟာ မိသားစုနဲ့ဝေးနေတဲ့အချိန်၊ ဒါမှမဟုတ် တစ်ယောက်တည်းရပ်တည်နေသူဆိုရင်တော့ ဖျားလာတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် ဖေးမဖို့ အားအင်အများကြီးလိုအပ်ပါတယ်။ အခက်အခဲတွေကို စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ တွန်းလှန်နိုင်သူဖြစ်ဖို့ကလည်း အရေးပါတယ်မဟုတ်လား။

ဒါကြောင့် ဒီတစ်ခေါက်မှာတော့ တစ်ကိုယ်တည်းနေထိုင်ပြီး ကိုယ့်အားကိုယ်ကိုးနေရတဲ့သူတွေအတွက် နေမကောင်းတဲ့အချိန် ဘယ်လိုစောင့်ရှောက်မလဲဆိုတဲ့နည်းလမ်းတွေကို ဝေမျှပေးလိုက်ပါတယ်။

၁။ ဆားပြုတ်ရည်

နေမကောင်းဖြစ်တဲ့အချိန်ဆိုရင် လည်ချောင်းနာတာတွေ၊ ချောင်းဆိုးတာတွေဖြစ်တတ်ပါတယ်။ တစ်နေ့တာမှာ ဆားပြုတ်ရည် ခဏခဏ ငုံပေးခြင်းက လည်ချောင်းတစ်ရှူး ယောင်ယမ်းတာကို လျှော့ချပေးပါတယ်။ သင့်ပါးစပ်ထဲက ပိုးမွှားတွေကိုလည်း ဆားရည်က သတ်ပေးနိုင်ပါတယ်။ ဆားရည်အပြင် Listerine ကိုလည်း အသုံးပြုနိုင်ပါတယ်။

၂။ သင့်သွားတိုက်တံကို ပိုးသတ်ပေးပါ

Source: TipHero

သင်အအေးမိတဲ့အချိန် ဗိုင်းရပ်စ်တွေက သင့်ပါးစပ်နဲ့ လည်ချောင်းစတဲ့ ပူနွေးစိုစွတ်တဲ့နေရာတွေမှာ နေထိုင်တတ်ကြပါတယ်။ သွားတိုက်တံကို ရေနွေးနဲ့ ဆေးချတာ Listerine အရည်ထဲနှစ်ပေးတာ ဒါမှမဟုတ် သွားတိုက်တံအသစ်လဲတာမျိုး ပြုလုပ်ပေးပါ။

၃။ ရေကို ပထမနေရာမှာ ဦးစားပေးပါ

ရေများများသောက်ပေးပါ။ ရေမဆာတဲ့အချိန်မှာတောင် ရေသောက်ပါ။ ရေများများသောက်ခြင်းကခန္ဓာကိုယ်တွင်း အကျိအချွဲတွေကို လျော့ပါးစေပါတယ်။

၄။ ကိုယ့်ရဲ့ကိုယ်အပူချိန်ကို အမြဲစမ်းကြည့်ပါ

ကိုယ်အပူချိန် ၁၀၀ ဒီဂရီအောက်ဆိုရင် ခန္ဓာကိုယ်က ဘတ်တီးရီးယားတွေကို အလိုအလျောက်ဖယ်ရှားပေးပါတယ်။ ၁၀၀ ကျော်ရင်တော့ ဒါဟာ အဖျားဝင်နေပါပြီ။ အပူချိန် ၁၀၀ ကျော်ရင်တော့ ဆေးခန်းသွားပြပါတော့။

၅။ အလုပ်မသွားပါနဲ့

ဖျားတဲ့အချိန် အလုပ်ကြိုးစားသူမို့ အလုပ်သွားတာမျိုးမလုပ်ပါနဲ့။ သင့်ရဲ့ ပိုးမွှားတွေက တခြားသူတွေဆီကူးစက်နိုင်ပါတယ်။ သင့်အတွက်လည်း နေမကောင်းတဲ့အချိန် အလုပ်လုပ်တာက အဆင်ပြေမှာမဟုတ်ပါဘူး။ ခွင့်ယူလိုက်ပါ။ အနားယူပါ။ ရေဓာတ်ဖြည့်ပေးပါ။

၆။ များများအိပ်ပေးပါ

အိပ်စက်တာက သင့်အဖျားကို အမြန်ပျောက်စေပါတယ်။ သင့်ခန္ဓာကိုယ်က ပြောတဲ့စကားသံကို နားထောင်ပါ။ သင်အနားယူချင်ပြီလား အိပ်ချင်ပြီလား အိပ်လိုက်ပါ။

၇။ သင့်ဖုန်းနဲ့ ကွန်ပြူတာကို ပိတ်ထားပေးပါ

ဖုန်း Screen ကို ကြာကြာကြည့်တာက သင့်မျက်လုံးကိုက်စေပါတယ်။ Facebook ဝင်ကြည့်လိုက်ရင်လည်း ကြည့်လို့ဆုံးမှာမဟုတ်တော့ပါဘူး။ ဖုန်းနဲ့ ကွန်ပြူတာကို ခဏအနားပေးပြီး Social Media ကင်းမဲ့ဇုန်မှာ နေလိုက်ပါ။

၈။ သက်တောင့်သက်သာရှိတဲ့အဝတ်အစားတွေကို ဝတ်ပါ

ဖျားတဲ့အချိန် အအေးမခံပါနဲ့။ နွေးထွေးပြီးလုံခြုံတဲ့ အင်္ကျီလက်ရှည် ဘောင်းဘီရှည်ဝတ်ပါ။

၉။ သင်က ချူချာတတ်သူဆိုရင် ကြိုတင်ပြင်ဆင်ထားပါ

သင်က မကြာမကြာ ဖျားတတ်သူဆိုရင် ဆေးအဆင်သင့်ဆောင်ထားတာမျိုး၊ အားရှိတဲ့အစားအသောက်တွေကြိုဝယ်ထားတာမျိုး ပြုလုပ်ပေးပါ။

သင်က ကိုယ့်ကိုကိုယ်အားကိုးနေသူမို့ ဒီအဖျားကိုလည်း တိုက်ထုတ်နိုင်မယ်ဆိုတာယုံကြည်ပါတယ်။ အခုလိုရောဂါတွေပေါများတဲ့အချိန်မှာ MyStyle Myanmar ပရိတ်သတ်တွေအားလုံး ရာသီအကူးအပြောင်းကာလမှာ အအေးမိတုတ်ကွေးမဖြစ်စေဘဲ ကိုယ်ခံအားကောင်းပြီး အမြဲကျန်းမာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။