သူငယ်ချင်းအရင်း မရှိတဲ့ သူတွေ၊ ချစ်သူ ရည်းစား မရှိတဲ့သူတွေက တစ်ခါတလေ တခြားသူတွေရဲ့ ဘဝကို လိုက်ကြည့်ရင်း အားငယ်တတ်ကြပါတယ်။ အထီးကျန်တတ်ကြပါတယ်။ တစ်ကိုယ်တည်း အထီးကျန်လာတဲ့အခါ အလေးထား လုပ်သင့်တဲ့ အရာတွေက ကိုယ်ဝါသနာပါတာတွေ လုပ်တာ၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တဲ့ Self-care နည်းလမ်းတွေ လုပ်တာ၊ အားကစားလုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို စားပေးတာ စတာတွေကို လုပ်ပေးသင့်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Self-Care နည်းလမ်းပိုင်းနဲ့ ပတ်သက်ပြီး အလေးထားကာ ဖော်ပြပါရစေ။

၁။ Gym ဆော့ပါ၊ Yoga လုပ်ပါ

သင်က တစ်ယောက်တည်း ဖြစ်နေတဲ့ရက်တွေမှာ လှုပ်လှုပ်ရှားရှားနေပေးသင့်ပါတယ်။ Gym မှာ အားကစား သွားလုပ်တာ၊ Yoga ကျင့်တာ စတဲ့ အလေ့အကျင့်တွေက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးတဲ့ နည်းလမ်းတွေပါ။

၂။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားပေးပါ

အပေါ်မှာ ပြောခဲ့သလိုပဲ သင့်ခန္ဓာကိုယ်ကို သင် ဂရုစိုက်ပေးတာက Self Care လုပ်ပေးတာပါပဲ။ ဘယ်လောက်ပဲ အထီးကျန်နေပါစေ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးဖို့ မမေ့သင့်ပါဘူး။

၃။ လက်သည်းနီ ဆိုးပါ၊ Mask ကပ်ပါ

ဘယ်သူမှ သင့်ကို ဂရုမစိုက်တဲ့အချိန်မှာတောင် သင့်ကိုယ်သင် ဂရုစိုက်နိုင်ပါတယ်။ ဂရုစိုက်တဲ့အနေနဲ့ သင့်မျက်နှာလေးကို ပိုလှအောင် လုပ်တာ၊ သင့်ခြေထောက်လေး၊ လက်ကလေးကို ပိုလှအောင် အလှဆင်ပေးတာ စတာတွေ လုပ်နိုင်ပါတယ်။

၄။ စာများများဖတ်ပါ

တွေးခေါ်မှုပိုင်းဆိုင်ရာ Self Care အနေနဲ့တော့ စာများများ ဖတ်ပေးသင့်ပါတယ်။ သင်နှစ်သက်တဲ့ စာအုပ်တစ်အုပ်ကို နေ့တိုင်း ပုံမှန် ဖတ်ပေးသင့်ပါတယ်။

၅။ အသစ်အသစ်တွေ သင်ယူပါ

သင့်ကိုယ်သင် ဂရုစိုက်တဲ့အနေနဲ့ အကြောင်းအရာအသစ်တွေကို အမြဲ သင်ယူနေသင့်ပါတယ်။ ဒီလို သင်ယူနေတာကြောင့် သင့်အပေါ် ဂရုမစိုက်သူတွေကို ခေါက်ထားနိုင်ပါပြီ။

၆။ မိသားစုနဲ့ အချိန်ကုန်ပါ

ဘယ်လောက်ပဲ အထီးကျန်ပါစေ သင့်အနားမှာ အတူရှိတဲ့ မိသားစုတော့ ရှိမှာပါ။ ဒီမိသားစုနဲ့ အချိန်ကုန်ဆုံးတာကလည်း သင့်ကိုယ်သင် စိတ်ချမ်းသာအောင် ထားတဲ့ နည်းလမ်းတစ်ခုပါ။

၇။ တရားထိုင်ပေးပါ

သင့်စိတ်တွေ အရင်ထက် တည်ငြိမ်ပြီး အာရုံစိုက်အားကောင်းလာအောင် တရားထိုင်ပေးသင့်ပါတယ်။ တရားထိုင်ပေးတာကြောင့် သင့်ရဲ့ ဝမ်းနည်းစိတ်တွေ တဖြည်းဖြည်း ပျောက်လာပါလိမ့်မယ်။

၈။ သင့်ကိုအားတက်စေမယ့် အရာတွေကို ရှာဖွေပါ

အင်တာနက်ပေါ်က သင့်ကို အားတက်စေမယ့် ဗီဒီယိုတွေ၊ ဆောင်ပုဒ်တွေ ၊ အကြောင်းအရာတွေ စတာတွေကို စုထားသင့်ပါတယ်။ သင်အထီးကျန်ကာ အားငယ်လာတဲ့အချိန် ပြန်ကြည့်နိုင်ဖို့ ဖြစ်ပါတယ်။

၉။ Social Media သုံးတာကို လျှော့ပါ

Social Media ကို ကြည့်တာ များတဲ့အခါ အထီးကျန်စိတ် ပိုများလာတာ၊ ပိုအားငယ်လာတာတွေ ဖြစ်တတ်ပါတယ်။ သင့်အနေနဲ့ တစ်ယောက်တည်း ဖြစ်နေတဲ့အချိန်တွေမှာ စိတ်ညစ်နေတယ်ဆိုရင် Social Media သုံးတာကို လျှော့ချသင့်ပါတယ်။

Photo Source: Pinterest

By Mystyle Myanmar