မျက်တောင်ကော့ကော့ထင်းထင်းလေးတွေက မျက်ဝန်းအလှကို ပိုပေါ်စေပြီး လိမ်းထားတဲ့မိတ်ကပ်ကိုလည်း လုံးဝပြည့်စုံသွားစေပါတယ်။ ဒါကြောင့် အများစု အလှပြင်ကြတဲ့အခါ မျက်တောင်လေးတွေရှည်ပြီး ကော့ထင်းနေအောင် ပြင်ဆင်တတ်ကြတာပါ။ ဒီထဲမှာ ကမ္ဘာကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ Selena Gomez ကိုယ်တိုင်လည်း အပါအဝင်ပါပဲ။ Selena ဟာ လက်ရှိမှာ “Rare Beauty” လို့ခေါ်တဲ့ မိတ်ကပ် Brand တစ်ခုကို ပိုင်ဆိုင်ထားသလို သူမကိုယ်တိုင်လုပ်လေ့ရှိတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေကိုပါ Social Media ကတစ်ဆင့် ပရိသတ်တွေကို Sharing လုပ်ပေးနေသူလည်းဖြစ်ပါတယ်။

လတ်တလောမှာဆိုရင်လည်း သူမရဲ့ Brand ပစ္စည်းတွေသုံးပြီး လွယ်ကူတဲ့ မိတ်ကပ်ပြင်နည်း၊ Mascara ခြယ်နည်းကို ဗီဒီယိုတစ်ခုနဲ့အတူ ပရိသတ်တွေဆီ မျှဝေပေးခဲ့ပြီး ဒီနည်းလေးက သူမလို မျက်တောင်ထင်းထင်းလေးတွေ လိုချင်တဲ့ ပျိုမေတိုင်းအတွက် လုံးဝအသုံးဝင်မှာပါ။ ဒီတော့ သင့်ကိုယ်တိုင်စမ်းလုပ်ကြည့်နိုင်မယ့် Selena ရဲ့ Mascara ခြယ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

Mascara ရွေးတဲ့အခါ

ပထမဆုံးအနေနဲ့ ဆိုးပြီးတာနဲ့ အလွယ်တကူပျံ့ပြီး ကြည့်ရဆိုးစေတဲ့ Mascara တွေကိုရှောင်ပေးရပါမယ်။ Mascara ကော့တံ ခပ်ကြီးကြီးလေး ရွေးချယ်ပါ။ ဆိုးနေတုန်း ချက်ချင်းခြောက်သွားတာမျိုး မဖြစ်တဲ့ အမျိုးအစားကောင်းကောင်းလေးတွေသုံးဖို့ အကြံပေးချင်ပါတယ်။

အပေါ်မျက်တောင်ခြယ်တဲ့အခါ

Mascara ရွေးပြီးတဲ့အခါ အပေါ်မျက်တောင်လေးတွေက စပြီး ခြယ်ပါမယ်။ မျက်တောင်ရင်းကနေ ထိပ်ဖျားကို ဖြေးဖြေးချင်း ရှေ့တိုးနောက်ဆုတ် ဖြန့်ပြီးကော့ပေးပါ။ ကြာရှည်ခံအောင် သုံးကြိမ်လောက်အထိ ထပ်ဆိုးပေးနိုင်ပါတယ်။

အောက်မျက်တောင်ခြယ်တဲ့အခါ

အောက်မျက်တောင်လေးတွေက အပေါ်နဲ့ ယှဉ်ရင် အရမ်းပါးပြီး ခြယ်ရခက်တာမို့ တော်တော်များများက အောက်ကိုသိပ်ဆိုးလေ့မရှိကြပါဘူး။ ဆိုးနည်းမှားသွားရင်လည်း သင့်အောက်မျက်ခွံကြီးမဲပြီး ကြည့်ရဆိုးသွားတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် Selena သုံးတဲ့နည်းလေးကတော့ ဇာဂနာအသေးသုံးပြီး အသေးစိတ်ခြယ်ပေးတာပဲဖြစ်ပါတယ်။

လုပ်ရမယ့်ပုံစံက ပုံထဲမှာပြထားသလို Mascara ကော့တံကို တစ်ဖက်မှာကိုင်ပြီး ကျန်တဲ့ဘက်နဲ့ ဇာဂနာအသေးတစ်ချောင်းကိုင်ကာ Mascara အနည်းငယ် ကော်ပြီးယူပေးရမှာပါ။

Mascara တို့ထားတဲ့ ဇာဂနာနဲ့ သင့်အောက်မျက်တောင်ကို ဖြေးဖြေးချင်း ညှပ်ပြီး ခြယ်ပေးရမှာဖြစ်ပါတယ်။ ဒီလိုမျိုး သူမရဲ့ ဇာဂနာသုံးပြီး ဆိုးတဲ့နည်းက မျက်ခွံမှာလည်း Mascara တွေမပေသလို အောက်မျက်တောင်လေးတွေ ရှည်ရှည်ထင်းထင်းနဲ့ အရုပ်မလေးလို ချစ်စရာကောင်းတဲ့ မျက်ဝန်းလေးကို ရစေမှာပါ။

Source: preview.ph