Relationship တိုင်းမှာ လိုက်နာသင့်တဲ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့က အရေးကြီးပါတယ်။ ဒါမှ ဘက်စုံကောင်းမွန်တဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်နိုင်မှာပါ။ ပြောရမယ်ဆိုရင် တချို့အချက်တွေက တားမြစ်ချက်တွေလို့ ထင်ကောင်းထင်ရပေမယ့် တကယ်တမ်းမှာတော့ ပိုပျော်ရွှင်တဲ့ဆက်ဆံရေးကို ပိုင်ဆိုင်နိုင်ဖို့ အထောက်အကူပြုပါတယ်။

Ex နဲ့ မနှိုင်းယှဥ်ပါနဲ့

လူတိုင်းမှာ အတိတ်ဟောင်းဆိုတာ ရှိကြစမြဲပါ။ ဒါပေမယ့် လုံးဝရှောင်ကြဉ်သင့်တဲ့ အချက်တစ်ခုရှိပါတယ်။ ဒါက လက်ရှိလက်တွဲဖော်ကို အရင်ကတွဲဖူးတဲ့လူနဲ့ မနှိုင်းယှဥ်ပါနဲ့။ “အဆင့်သတ်မှတ်” တာမျိုးတွေ မလုပ်မိပါစေနဲ့။

လျှို့ဝှက်ချက်များကိုမျှဝေပါ

အကောင်းဆုံးဆက်ဆံရေးတိုင်းမှာ အချင်းချင်း လေးစားဖို့နဲ့ ပွင့်လင်းရိုးသားဖို့က အဓိကပါ။ လျှို့ဝှက်ချက်တွေကို အချင်းချင်းမျှဝေဖို့အတွက် ယုံကြည်မှုရှိဖို့ လိုအပ်သလို အားနည်းချက်ဆိုတာကလည်း ရင်းနှီးမှုကိုတိုးစေပြီး ဆက်ဆံရေးနှောင်ကြိုးကို ခိုင်ခံ့စေပါတယ်။

ထောက်ပံ့ပေးပါ

တစ်ယောက်နဲ့တစ်ယောက် ထောက်ခံကြောင်းပြသတဲ့ အပြုအမူတွေနဲ့ စကားလုံးတွေဟာ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုအတွက် သော့ချက်ပါပဲ။ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိကြောင်း သက်သေပြနိုင်မယ့် နည်းလမ်းတွေနဲ့ အသိပေးပါ။ ချီးကျူးစကား၊ ကြင်နာတဲ့စကား များများပြောပေးပါ။ ဒါဟာ လက်တွဲဖော်ရဲ့ ကောင်းချီးတစ်ခုပါပဲ။ သူစိတ်ဓာတ်ကျချိန် အားငယ်ချိန်မှာ စိတ်ရင်းမှန်နဲ့ အထောက်အပံ့ပေးတာက သင့်ကို အမှတ်ရစေမှာပါ။

အတိတ်ကနေရုန်းထွက်ပါ

ထင်သလောက်အဆင်မပြေခဲ့တဲ့ အတိတ်ဟောင်းတွေကတဆင့် သင်ခန်းစာယူပြီး ပိုကောင်းတဲ့ Relationship ပိုင်ဆိုင်နိုင်ဖို့ ပြင်ဆင်သင့်တဲ့အရာတွေကို ပြင်ဆင်ဖို့ အရေးကြီးပါတယ်။ အပြစ်တွေ၊ နောင်တရမှုတွေနဲ့ နာကြည်းမှုတွေကို မစွန့်လွှတ်နိုင်တဲ့အခါ လက်ရှိပိုင်ဆိုင်ထားတဲ့ Relationship ကို ထိခိုက်နိုင်တာမလို့ နာကျင်စရာတွေ ပြည့်နှက်နေတဲ့အတိတ်ကနေ ခွင့်လွှတ်တတ်ဖို့ အမှားတွေကနေ သေချာပေါက် သင်ယူပါ။