လူမှုကွန်ရက် စာမျက်နှာတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီးတဲ့နောက်ပိုင်း ကျွန်မတို့ရဲ့ ဘဝတွေလည်း တဖြည်းဖြည်းနဲ့ ပိုပြီး ပွင့်လင်းလာပါတယ်။

ဒါ့ကြောင့် ကျွန်မတို့ရဲ့ ခံစားချက်တွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်တာမျိုး မကြာခဏလုပ်လေ့ရှိသလို သူငယ်ချင်းတွေကိုလည်း ရင်ဖွင့်ပြောပြရတာမျိုးလည်းရှိပါတယ်။

ချစ်သူရဲ့ အားနည်းချက်တွေ

သင့်ချစ်သူရဲ့ စိတ်ပျက်ဖွယ်ကောင်းတဲ့ အကျင့်ဆိုးတွေ အားနည်းချက်တွေကို တခြားသူကို မပြောသင့်ပါဘူး။ သူ့ရဲ့ ကွယ်ရာမှာ အဲဒီလိုပြောတာမျိုးကို ရှောင်ကျဉ်သင့်ပါတယ်။ တကယ်လို့ သူတို့သိသွားခဲ့ရင် နာကျင်ရပြီး သစ္စာဖောက်သလို ခံစားရမှာဖြစ်ပါတယ်။

စကားများကြတဲ့အကြောင်း

ရန်ဖြစ်စကားများတဲ့အကြောင်းနဲ့ ပတ်သတ်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လူတွေအများအာဖြင့် တင်လာကြတာတွေ့ရပါတယ်။ သင့်ချစ်သူကို တကယ်ချစ်တယ်၊ သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို တန်ဖိုးထားတယ်ဆိုရင် အဲဒီလိုအကြောင်းအရာတွေ ကိုယ်နဲ့သူ ရန်ဖြစ်စကားများကြတဲ့အကြောင်းတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မတင်ပါနဲ့။ အချိန်တွေကြာလာတာနဲ့အမျှ တဖြည်းဖြည်း ဆက်ဆံရေး ပျက်ဆီးသွားနိုင်ပါတယ်။

ငွေရေးကြေးရေးအခက်အခဲ

ဆုံတွဲတိုင်း တခါတလေမှာငွေရေးကြေးရေး အခက်အခဲတွေ ကြုံဖူးကြပါတယ်။ ဒီလိုကိစ္စရပ်တွေဟာ ချစ်သူနှစ်ဦးကြားမှာပဲ ဆွေးနွေးသင့်ပါတယ်။ မိသားစုဝင်တွေ မိတ်ဆွေသူငယ်ချင်းတွေကို ပြောတာမျိုးဟာ အရုပ်ဆိုးလှပါတယ်။

အသေးစိတ် အချက်အလက်တွေအားလုံး

သင်တို့နှစ်ယောက်ဆက်ဆံရေးနဲ့ပတ်သတ်လို့ ရုပ်ရှင်အတူတူကြည့်တာ၊ လက်ဆောင်ရတာ၊ နှစ်ဦးကြားက ရယ်စရာအဖြစ်အပျက်တွေကို နှစ်ဦးကြားမှာပဲ မျှဝေသင့်ပါတယ်။ ဒီလိုဘာမဟုတ်တဲ့ ကိစ္စတွေကို သူငယ်ချင်း မိတ်ဆွေတွေကိုပြောရင် အကောင်းမြင်မယ့်အစား အမြင်တွေကပ်နေကြမှာသေချာပါတယ်။

သင့်ကို ယုံယုံကြည်ကြည်နဲ့ ပြောပြတဲ့ အကြောင်းအရာတွေ

သင့်ကို ယုံကြည်လို့ သူ့ရဲ့ အားနည်းချက်တွေ အိမ်တွင်းရေးတွေအကြောင်း ပြောပြထားတဲ့အရာတွေကို တခြားသူကို ပြောတာမျိုး မလုပ်သင့်ပါဘူး။ သူတို့ရဲ့ ခွင့်ပြုချက်မရဘဲ ပြောတာဟာ ယုံကြည်မှုကို သစ္စာဖောက်ခံလိုက်ရတယ်လို့ ခံစားရစေနိုင်ပြီး ဒီယုံကြည်မှုတွေ ပြန်ရဖို့ ခက်ခဲသွားပါလိမ့်မယ်။

Featured Image Source: Freepik