ကိုယ်တိုင်တည်ဆောက်ထားတဲ့ Relationship တစ်ခုကို ပျော်ရွှင်မှုတွေနဲ့ အဆင်ပြေပြေ ဖြတ်သန်းချင်ကြတာလူတိုင်းပါပဲ။ သို့သော်လည်း တချို့သောမာနလေးတွေ လုပ်ရပ်လေးတွေက သင်တို့ချစ်သူနှစ်ဦးရဲ့ ပျော်ရွှင်မှုတွေကို ဖျက်စီးပစ်နိုင်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ပျော်ရွှင်နေတဲ့စုံတွဲတွေကြားက လျို့ဝှက်ချက်လေးတွေကို စာဖတ်ပရိသတ်တွေအတွက် မျှဝေပေးချင်ပါတယ်။

(၁) တစ်ကိုယ်ကောင်းဆန်မှုတွေမရှိဘူး

တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်ပြီး ပျော်ရွှင်နေကြတဲ့စုံတွဲတွေမှာ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်တွေ မရှိကြပါဘူး။ ဘယ်အရာကိုမဆို နှစ်ဦးသားတိုင်ပင်ဆွေးနွေးတယ် တစ်ယောက်ရဲ့ ထင်မြင်ချက်တွေကို တစ်ယောက်က လေးစားတယ် ၊ တစ်ဖက်သက်ဆန်တဲ့ ဆုံးဖြတ်ချက်မျိုး ဘယ်တော့မှ မချမှတ်ကြပါဘူး။ ဟုတ်ပါတယ် တစ်ယောက်နဲ့ တစ်ယောက်အပေးအယူ မျှမျှနဲ့ တစ်ကိုယ်ကောင်းဆန်ခြင်းတွေမရှိမှလည်း ပျော်ရွှင်ရတဲ့အချစ်ရေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

(၂) အနိုင်ပိုင်းတာမျိုးတွေမရှိဘူး

ကိုယ့်ချစ်သူကို ချစ်လို့ ဆိုးတာ နွဲ့တာနဲ့ အနိုင်ယူလိုစိတ်ရှိတာက ဆင်တူတယ်ထင်ရပေမယ့်လည်း တကယ်တော့ လုံးဝကွဲပြားပါတယ်။ အနိုင်ယူ ဗိုလ်ကျမှုတွေက အတိုင်းအတာတစ်ခုထက် ကျော်လွန်လာပြီဆိုရင် တစ်ဖက်လူအနေနဲ့ ထိခိုက်နာကျင်မှုတွေ ရှိလာမှာအသေအချာပါပဲ။ ပျော်ရွှင်နေတဲ့ စုံတွဲတွေမှာ ကိုယ့်ချစ်သူက အလျော့ပေးတယ် သည်းခံတယ် ဆိုးခွင့်အနိုင်ယူခွင့်တွေ ပေးထားတယ်ဆိုရင်တောင် တစ်ဖက်လူအပေါ် စာနာစိတ်အပြည့်နဲ့ အနိုင်ပိုင်းတာမျိုးတွေ လုပ်လေ့မရှိကြပါဘူး။

(၃) အားနည်းချက်ကို မလှောင်ပြောင်ဘူး

လူတိုင်းကတော့ ပြီးပြည့်စုံနေကြတဲ့သူတွေ မဟုတ်ပါဘူး။ အားနည်းချက်လေးတွေ ကိုယ်စီရှိတက်ကြတာပါပဲ။ တစ်ယောက်ကို တစ်ယောက်တကယ်ချစ်မိပြီဆိုရင် ကိုယ့်ချစ်သူရဲ့အားနည်းချက်လေးတွေကို အပြစ်တစ်ခုလို့ မမြင်နိုင်တော့ပါဘူး။ ကိုယ့်ချစ်သူ အားနည်းချက်လေးတွေကို ကိုယ်တိုင်လက်ခံပေးနိုင်ပြီး အကာအကွယ်ပေးချင်ကြတာဖြစ်ပါတယ်။

(၄) ယုံကြည်မှုမချိုးဖောက်ဘူး

တစ်ယောက်ကို တစ်ယောက်ယုံကြည်မှုတည်ဆောက်ထားခြင်းက ပျော်ရွှင်တဲ့စုံတွဲတွေရဲ့ အဓိကသော့ချက်တစ်ခုပါပဲ။ ယုံကြည်မှုဆိုတာ အချိန်ယူပြီးတည်ဆောက်ကြရသလောက် ပျက်စီးသွားဖို့ကတော့ အရမ်းလွယ်ကူပါတယ်။ ဒါကြောင့် ပျော်ရွှင်ကြတဲ့စုံတွဲအများစုက တစ်ဦးနဲ့တစ်ဦးကြားက ယုံကြည်မှုတွေကို လွယ်လွယ်နဲ့ အပျက်စီးမခံကြပါဘူး။ ဘယ်အရာကိုမဆို ပွင့်ပွင့်လင်းလင်း ရှိကြပါတယ်။ ဒါမှလည်း အဆင်ပြေပျော်ရွှင်တဲ့ အချစ်ခရီးလမ်းကို ကောင်းစွာလျောက်လှမ်းနိုင်မှာပါ။