ဖက်ရှင်ကျခြင်းရဲ့ ကွယ်ဝှက်မထားတဲ့ လျှို့ဝှက်ချက်တစ်ခုက ကိုယ်ဝတ်လိုက်တဲ့ အဝတ်အစားဟာ ကိုယ်သွားမယ့်နေရာနဲ့ လိုက်ဖက်နေဖို့ ဖြစ်ပါတယ်။ သင့်ရဲ့ ဝတ်စားဆင်ယင်မှုစတိုင်ဟာ သင်တက်မယ့်ပွဲနဲ့ အံဝင်ခွင်ကျဖြစ်နေဖို့ လိုပါတယ်။ ရာသီအလိုက်ပွဲတော်တွေ နဲ့ ပါတီတွေ တက်မယ်ဆိုရင်လည်း ဒီအချက်ကို မှတ်ထားသင့်ပါတယ်။ အခုတစ်ခေါက်မှာလည်း ရာသီပွဲတွေမှာ ဝတ်သင့်တဲ့ ဖက်ရှင်အိုင်ဒီယာတစ်ချို့ကို မျှဝေသွားမှာပါ။

(၁) လည်စည်းနက်နဲ့ Tuxedo

Photo: Freepik

ဒါကတော့ အနောက်နိုင်ငံက အခမ်းအနားတွေနဲ့ ညစာစားပွဲတွေမှာ ဝတ်တတ်တဲ့ ဝတ်စုံပါ။ တစ်ချို့ကတော့ ဂျိမ်းစ်ဘွန်းဖက်ရှင်လို့ ခေါ်ကြပါတယ်။ လိပ်ပြာတောင် လည်စည်းအနက်နဲ့အတူ Tuxedo ဘောင်းဘီနဲ့ ဂျက်ကတ်ကို တွဲဝတ်တာ ဖြစ်ပါတယ်။ အောက်ကတော့ ရှပ်အဖြူခံဝတ်ရမှာပါ။ Loafer ဒါမှမဟုတ် အနက်ရောင် Brogue စီးနိုင်ပါတယ်။

(၂) Suit နဲ့ Boot

Photo: Pinterest

သိပ်ပြီး စမတ်ကျနေမှာ စိုးရင် Black Tie ကို ဖြုတ်ပြီး Suit နဲ့ Loafer ကို ပေါ့ပေါ့ပါးပါး ဝတ်သွားနိုင်ပါတယ်။ တစ်ချို့တွေကတော့ Suit ကိုလည်း Formal Suit မဟုတ်ဘဲ Blazer ပုံစံ ပေါ့ပါးတာကိုပဲ ရွေးကြပါတယ်။ များသောအားဖြင့် ရုံးနှစ်ပတ်လည် ပါတီတွေမှာ အဝတ်များပါတယ်။

(၃) Vintage

Photo: menswearstyle

ရှေးရိုးစတိုင်မျိုးကိုမှ ကြိုက်ရင်လည်း Vintage ပုံစံကို ရွေးချယ်နိုင်တာပါပဲ။ ခရစ္စမတ်လို ပွဲမျိုးမှာ Vintage Fashion ဝတ်ဖို့ ကောင်းပါတယ်။ အောက်မှာ Patterned Shirt ခံဝတ်ပြီး အပေါ်က သက်တောင့်သက်သာရှိမယ့် ကုတ်အပါးဖြစ်ဖြစ် ဂျက်ကတ်လေးဖြစ်ဖြစ် ကောက်ဝတ်သွားရုံပါပဲ။

(၄) Festive Sparkle

Photo: menswearstyle

ပြောင်ပြောင်လက်လက်တွေက မိန်းကလေးတွေ အဝတ်များပါတယ်။ ဒါတောင် သီးသန့်ပွဲမျိုးမှာမှ ဝတ်ကြတာပါ။ တကယ်လို့ ပြောင်ပြောင်လက်လက်ဖက်ရှင်နဲ့မှ တက်ရမယ့်ပွဲမျိုးတွေ ကြုံလာရင် အမျိုးသားတွေအတွက် အမြင်လည်း မရိုင်းမယ့် ဖက်ရှင်မျိုးကတော့ ကတ္တီပါဘလေဇာကုတ်နဲ့ ဘောင်းဘီရှည်ကို အောက်ခံအရောင်အရင့်နဲ့ ဝတ်လို့ ရပါတယ်။ ဒါမှမဟုတ်ရင်လည်း Printed Suit အကျားနဲ့ Metallic Shoes တွေ တွဲဝတ်ဖို့ အကြံပြုချင်ပါတယ်။