ကျွန်တော်တို့ဟာ ကလေးဘဝကတည်းက ရှိတဲ့လူကလိုအပ်နေတဲ့လူတွေကို မျှဝေပေးတာ ကောင်းတဲ့အကျင့်တစ်ခုဖြစ်တယ်လို့ သင်ကြားထားခံရပါတယ်။ ငယ်စဉ်က ချိုချဉ် တစ်လုံးထဲကို သူငယ်ချင်းနှစ်ယောက် အတူတူ စားခဲ့ဖူးတာမှတ်မိကြမယ်ထင်ပါတယ်။ ဒါပေမယ့် တကိုယ်ရေသုံး ပစ္စည်းတွေကို မျှဝေသုံးစွဲခြင်းဟာ မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြထားကြပါတယ်။

ဦးထုပ်

ဦးခေါင်းနဲ့ထိတွေ့ရတဲ့အရာ (သို့) ဦးခေါင်းကို ဖုံးအုပ်ထားရတဲ့အရာတွေ ကိုမျှဝေမသုံးသင့်ပါဘူး။ တကယ်လို့ ဦးထုပ်တစ်လုံးထဲကို အတူတူဆောင်းမယ်၊ ဘီးတစ်ချောင်းထဲကိုပဲ အတူတူဖြီးမယ်ဆိုရင် ကျွန်တော်တို့မျက်စိနဲ့မြင်ဖို့မလွယ်တဲ့ သန်းတွေက တစ်ဦးကနေ တစ်ဦးကို အလျင်အမြန် ပျံနှံ့စေနိုင်ပါတယ်။ ဒါကြောင့်လည်း ငယ်စဉ်ကျောင်းသားဘဝ တုန်းက မကြာခဏ ဂတုံးတုံး ခဲ့ရဖူးတာကို အမှတ်ရမိပါတယ်။

နောက်နှောင် ဦးခေါင်းကို ဖုံးကွယ်ဖို့လိုအပ်လာပြီဆိုရင် ကိုယ်တစ်ယောက်တည်း သုံးတဲ့ ဦးထုပ်ကို အသုံးပြုဖို့ အကြံပေးပါရစေ။

ခရင်မ်

မက်စ်ခ်၊ မျက်နှာလိမ်း ခရင်မ် အစရှိတဲ့ အလှကုန်ပစ္စည်းတွေဟာ သီးသန့်အသုံးပြုသင့်ပါတယ်။ ဘယ်လောက်ပဲ ခင်တဲ့သူငယ်ချင်းဖြစ်ဖြစ် မျှဝေမသုံးသင့်ဘူးလို့ ကျွမ်းကျင်သူတွေက ပြေားထားပါတယ်။ အလှကုန်ပစ္စည်းရောင်းတဲ့ ဆိုင်မှာ နှုတ်ခမ်းနီ အစမ်းဆိုး တာမျိုးတွေကိုလည်း ရှောင်ရှားပေးပါ။ အကယ်၍ အလှကုန်ပစ္စည်းတွေကို အခြားလူတွေနဲ့ မျှဝေသုံးစွဲမယ်ဆိုရင် မလိုလားအပ်တဲ့ အရေပြားပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

အောက်ခံဘောင်းဘီ (သို့) ခြေအိတ်

အောက်ခံဘောင်းဘီ မျှဝေသုံးစွဲတာကလည်း ကောင်းတဲ့အကျင့်မဟုတ်ပါဘူး။ အထူးသဖြင့် ယောက်ျာ လေးတွေက ကိုယ်ခင်တဲ့သူငယ်ချင်းကို အောက်ခံဘောင်းဘီတွေ ပေးဝတ်လေ့ရှိပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် ဆီးလမ်းကြောင်း ပိုးဝင်နိုင်သလို၊ ဝဲခြောက်တွေ အင်ပျဉ်တွေ ယားနာတွေ အစရှိသဖြင့် ကူးစက်တက်ပါတယ်။ ဒီလိုပဲ ခြေအိတ် မျှဝေသုံးစွဲခြင်းကြောင့် ခြေအိတ်မှာ ကပ်တွယ်နေတဲ့ ပိုးမွှားတွေ၊ မှိုတွေက သင့်ဆီကိုရောက်ရှိလာပြီး ယားယံခြင်းနဲ့အတူ အဖုအပိန့်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

နားကြပ်

သီချင်းချစ်သူတွေအတွက် အရေးကြီးဆုံးကတော့ နားကြပ်ပါပဲ။ လူတိုင်းနီးပါးရဲ့ နားထဲမှာ ဘတ်တီးရီးယားပိုးတွေ ရှိနေတက်ပါတယ်။ ဒီဘတ်တီးရီးယားပိုးတွေဟာ နားကြပ်ကနေတဆင့် သင့်နားကို ကူးစက်နိုင်ပါတယ်။ ဘက်တီးရီးယားပိုးမွှားတွေ တစ်ယောက်ကနေ တစ်ယောက်ကို အလွယ်တကူ ကူးစက်စေနိုင်တာကြောင့် မျှဝေအသုံးပြုတာမျိုးကို ရှောင်ကျဉ်သင့်ပါတယ်။

Source: Bright Side