စတွဲတွဲချင်းတော့ ဘယ်ကောင်မလေးကမှ ဒါမလုပ်ရဘူးလို့ ဟိုဟာမလုပ်ရဘူးဆိုတဲ့ စည်းကမ်းတွေထုတ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ချစ်သူကောင်လေးကို မလုပ်စေချင်တဲ့ အရာတွေတော့ သူတို့ဆီမှာ ရှိနေပါတယ်။ အဲ့ဒါတွေက ဘာတွေလဲဆိုတာ မသိသေးဘူးဆိုရင်တော့ ကောင်မလေးတွေ ထုတ်ချင်နေတဲ့ စည်းကမ်းချက်တွေကို ပြောပြပေးပါမယ်။

နံပါတ်တစ် စည်းမျဉ်းစည်းကမ်းကတော့ ဘယ်ကိုသွားသွား ခေါင်းကြီးဖုန်းထဲ စိုက်မနေပါနဲ့တဲ့။ ဒီဘက်ခေတ်မှာ လူတိုင်း ဘယ်နေရာကို ကြည့်လိုက် ကြည့်လိုက် ဖုန်းတွေ ကိုယ်စီနဲ့ ပတ်ဝန်းကျင်ကို သတိမထားအားကြဘူးဆိုတာ နားလည်ပေမယ့် ခုမှ စချစ်ခါစ ပူပူနွေးနွေး စုံတွဲဖြစ်တဲ့ နှစ်ယောက်ကြားမှာတော့ တွတ်တီးတွတ်တာ ပြောလိုကြပါတယ်။

နံပါတ်နှစ်အချက်ကတော့ သူ့ကို အရာရာ အရေးပေးစေချင်တာပါ။ သူငယ်ချင်းတွေနဲ့ ဟေးလေးဝါးလေး လုပ်တာလေးတွေလျှော့ပြီး သူ့အတွက် အချိန်နည်းနည်းလေးပေးပြီး ချစ်သူနှစ်ဦးရဲ့ ပျော်ရွှင်ဖွယ်ရာအချိန်လေးတွေ ဖန်တီးဖို့ လိုလားနေပါတယ်။

နံပါတ်သုံးအချက်ကတော့ သူ့ရဲ့ ဝတ်စားဆင်ယင်မှုစတိုင်ကို အလေးထားကြည့်ရှူစေချင်ပါတယ်။ တကယ်တော့ မိန်းကလေးတွေဟာ ကိုယ့်ချစ်သူအကြောင်းကို လူကြားထဲကြွားရတာကို သိပ်အရသာတွေ့တတ်ကြပါတယ်။ တစ်ယောက်တည်းရှိနေချိန်မှာလည်း သင့်ရဲ့ ကန့်သတ်ချက်တွေအကြောင်း ပြန်တွေးမိတိုင်း ကျိတ်ပြုံးနေကြပါသေးတယ်။

နံပါတ်လေး အချက်ကတော့ သူတို့ရဲ့ အကြိုက်လေးတွေ သိစေချင်တတ်ကြတာပါ။ သူတို့ ဘယ်သွားရတာကြိုက်တယ်၊ ဘာလုပ်ရတာ ကြိုက်တယ်၊ ဘာစားရတာ ကြိုက်တယ်ဆိုတဲ့ အချက်ကလေးတွေကိုသာ သင်သိပြီဆိုရင် သူက သင့်ကို ဖူးဖူးမှုတ်ချစ်တော့မှာ အသေအချာပါပဲ။

နံပါတ်ငါး အချက်ကတော့ သူ့ကို အဆက်မပြတ် မက်ဆေ့ပို့လို့တသွယ် ဖုန်းဆက်လို့တစ်မျိုး ဂရုစိုက်စေချင်တာပါ။ ဒီခေတ်ကြီးက အင်တာနက်ခေတ်ဆိုတော့ အကုန်အကျသက်သာအောင် ဖေ့ဘွတ်မက်ဆေ့ကနေ တတောင်တောင် ပို့ရင်း သင့်ရဲ့ အချစ်တွေကို သက်သေပြလို့ရပါတယ်။

ကဲ ကောင်မလေးတွေ ပြောမပြတဲ့ သူတို့ရဲ့ စည်းကမ်းချက်တွေအကြောင်း ပြောပြပြီးပြီမို့ ချစ်သူ တမ်းတမ်းစွဲ ချစ်စေမယ့် နည်းလမ်းလေးတွေ အသုံးပြုပြီး အချစ်တွေ တိုးပွားအောင် လုပ်လိုက်ကြဦးနော်။