မိန်းကလေးတိုင်းကတော့ အလှအပကြိုက်ကြသူတွေချည်းပါပဲ။ အဝတ်အစားလှတာလေးမြင်ရင် ဝယ်ချင်တယ်၊ စားကောင်းသောက်ကောင်းတွေ့ရင် စားချင်တယ်၊ အလှကုန်ပစ္စည်းလှလှလေးတွေတွေ့ရင် သုံးချင်တယ် စသဖြင့်ပေါ့နော်။ ဒီလိုမျိုး လှတာကိုမှ ကြိုက်ကြတယ်ဆိုရင် ကိုယ့်ရဲ့ အသားအရေဆိုရင် ပိုပြီးတော့တောင်မှ လှချင်ကြမယ်ဆိုတာ ထွေထွေထူးထူး မပြောတော့ပါဘူး။

အသက်အရွယ်ရလာတာနဲ့အမျှ လူ့ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း ချို့တဲ့စပြုလာပြီမို့ ကိုယ်မလိုချင်တဲ့ မမြင်ချင်တဲ့ အရေးအကြောင်းတွေ၊ ပါးရေနားရေတွန့်တာတွေ၊ အသားအရေခြောက်တာမျိုးတွေ စသဖြင့် ကြုံလာရတတ်ပါတယ်။ ဒါပေမယ့် ငယ်စဥ်ကတည်းက ကိုယ့်ရဲ့အသားအရေကို ကြိုတင်ဂရုစိုက်ထားမယ်ဆိုရင် ၂၅ နှစ်ကျော်သွားလည်း သူများတွေလိုမျိုး ပူပန်စိုးရိမ်ရတာမျိုးတွေကို ခေါက်ထားလိုက်လို့ရပါပြီ။

ကဲ…ဒါဆိုရင်တော့ အသက် ၂၅ နှစ်ကျော်လို့ ၃၀ နားကပ်နေပြီဆိုရင်တောင် ဟယ်…နုလိုက်တာ မထင်ရဘူးလို့တောင် ချီးမွမ်းစကားခံရစေဖို့အတွက် အခုကတည်းက ဘယ်လိုအလေ့အကျင့်လေးတွေကို မွေးမြူရမလဲဆိုတာကို အတူတူဖတ်ကြည့်လိုက်ရအောင်ပါ။

အသားအရေကို အခြောက်သွေ့မခံပါနဲ့

၂၄ နာရီ တစ်ပတ်လုံး အသားအရေကို အမြဲတမ်းအစိုဓာတ်ဖြည့်တင်းပေးရပါမယ်။ အပြင်ပိုင်းအသားအရေကိုသာမက ကိုယ်တွင်းကိုပါ ရေဓာတ် မမေ့မလျော့ ဖြည့်တင်းပေးဖို့ အထူးလိုအပ်ပါတယ်။ အသက်ကြီးလာလို့ ဖြစ်ပေါ်လာတဲ့ အသားအရေပြောင်းလဲမှုတွေက အစိုဓာတ်လျော့နည်းခြင်းကြောင့်လည်း တစ်ပိုင်းတစ်စပါဝင်ပတ်သက်နေပါတယ်။ အိုမင်းရင့်ရော်မှုကို မတားဆီးနိုင်ရင်တောင်မှ ဖြစ်စဥ်ကိုနှေးကွေးသွားအောင်လို့တော့ ပြုလုပ်နိုင်တာမို့ ရေများများသောက်ပြီး အသားအရေကို အစိုဓာတ်ဖြည့်တင်းလိုက်ပါ။

ခဏခဏ လက်နဲ့မထိပါနဲ့

မကြာခဏဆိုသလို အပြင်ထွက်နေရသူများအနေနဲ့ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေက အသားအရေမှလာာကပ်တဲ့ပြဿနာကို အမြဲတမ်းကြုံတွေ့နေရပါတယ်။ ပြီးတော့ ကိုယ်ကလည်း အမြဲတမ်းလက်ဆေးနေဖို့အတွက် အချိန်မပေးနိုင်တာမို့ အရာဝတ္ထုမျိုးစုံကို ကိုင်တွယ်နေတဲ့ ကိုယ့်ရဲ့လက်တွေမှာလည်း ပိုးမွှားတွေဆိုတာ ကပ်ညိနေနိုင်ပါတယ်။ ဒီလိုလက်တစ်စုံနဲ့ မျက်နှာအသားအရေကို ထိလိုက်မိမယ်ဆိုရင် ပိုပြီးဆိုးရွားသွားနိုင်တာမို့ မကြာခဏဆိုသလို ထိတတ်တဲ့အကျင့်ကို ရှောင်ကြဥ်ပါ။

နေရောင်ခြည်မှကာကွယ်ပါ

ဘယ်လောက်ပဲ ညိုညက်ညက် အသားအရေကို ပိုင်ဆိုင်ချင်လို့ နေရောင်ခံတယ်လို့ ဆိုစေကာမူ ဆရာဝန်တွေကတော့ ဒီအချက်ကို အားမပေးပါဘူး။ နေရောင်ခြည်မှာ အသားအရေကို ထိခိုက်ပျက်စီးစေတဲ့ UVA ပါဝင်တာကြောင့် မကြာခဏဆိုသလို နေရောင်ခံမယ်ဆိုရင်တော့ အသားအရေအပေါ်လွှာတွေ ပျက်စီးလာနိုင်တာမို့ ရေရှည်ကိုတွေးပြီး နေရိပ်ထဲမှာ နေပေးလိုက်ပါ။

မကောင်းတဲ့အကျင့်တွေ ဖျောက်ဖျက်ပါ

ကိုယ်ခန္ဓာတွင်းက တစ်ခုခုချို့တဲ့လာပြီဆိုရင် အသားအရေကိုလည်း ထိခိုက်မှုတွေဖြစ်လာစေနိုင်တာမို့ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ကောင်းကျိုးမဖြစ်စေမယ့် အကျင့်ဆိုးတွေကို အခုကတည်းက အတတ်နိုင်ဆုံးရှောင်ကြဥ်လိုက်ပါ။

မှန်မှန်သန့်စင်ပါ

ကျွန်မတို့အများစုက မြို့ပေါ်မှာနေထိုင်ကြသူတွေဖြစ်တာမို့ လေကောင်းလေသန့်ရဖို့ဆိုတာ စိတ်ကူးထဲမှာသာ ထည့်တွေးနိုင်ပါတယ်။ ဒါကြောင့်မို့လည်း အသားအရေမှာ ဖုန်တွေ၊ အညစ်အကြေးတွေက အမြဲတမ်းဆိုသလို ကပ်ညိနေတတ်တာမို့ ကိုယ့်ရဲ့မျက်နှာအသားအရေကို အမြဲမှန်မှန်နဲ့ သေသေချာချာ သန့်စင်ပေးဖို့ ဘယ်တော့မှမေ့လို့မဖြစ်ပါဘူး။ မျက်နှာကို Micellar Water နဲ့ သေချာသုတ်ပြီးရင် နောက်ပိုင်းမျက်နှာသစ်ဆေးတွေနဲ့ သန့်စင်ပေးဖို့လိုအပ်ပါတယ်။

ပြုံးရယ်ပါ

မျက်နှာပေါ်မှာ ပေါ်လာတတ်တဲ့ပထမဆုံး အရေးအကြောင်းတွေက ကိုယ့်ရဲ့စိတ်ခံစားချက်ကို ဖော်ပြတတ်တဲ့နေရာတစ်ဝိုက်မှာ ဖြစ်တာများပါတယ်။ လူတစ်ယောက်ရဲ့မကြာခဏ ဖြစ်ပွားတတ်တဲ့ခံစားချက်တွေက သူတို့ရဲ့မျက်နှာမှာ မျက်နှာဖုံးလိုမျိုး ကပ်တွယ်နေတတ်တဲ့အတွက် အသက် ၅၀ နောက်ပိုင်းအရွယ် လူရဲ့ စရိုက်ကို ခန့်မှန်းဖို့ဆိုတာ အင်မတန်လွယ်ကူလာပါတယ်။

ဆံကေသာကိုလည်းထိန်းသိမ်းပါ

သင့်တင့်လျောက်ပတ်တဲ့ နည်းလမ်းတွေကိုသုံးပြီး ဆံသားကို မှန်မှန်ထိန်းသိမ်းပေးမယ်ဆိုရင် ကိုယ့်ရဲ့အသွင်အပြင်ကို ကြည့်ရဆိုးစေမယ့် ဆံသားပျက်စီးခြင်း၊ နှစ်ခွဖြစ်ခြင်း၊ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း၊ ဗောက်ထခြင်း စတဲ့ ပြဿနာတွေကို ကြုံတွေ့ရတော့မှာမဟုတ်ပါဘူး။

Source: BrightSide